ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲ ၂ ခု တို့အား သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍လုယက်မှုကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၁
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၅/၇)ဗြဟ္မစိုရ်လမ်းရှိ ကမ္ဘာ့ရတနာဘဏ်ခွဲအား EE-4402 CALDINA အဖြူရောင်အငှားယာဉ်ဖြင့် အမျိုးသား ၄ ဦးက သေနတ် ၃ ချက်ပစ်ဖောက်၍ ငွေကျပ်(၁၈၅)သိန်းအား လည်းကောင်း၊ ဩဂုတ်လ ၃၀ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သမိုင်းမြို့ဟောင်း(၈)လမ်းရှိ ဘုရင့်နောင် ကမ္ဘာ့ရတနာ ဘဏ်ခွဲ(၂)သို့ YGN 1J/9428 နံပါတ်တပ်ဆင် ထားသည့် Crown အမျိုးအစားအဖြူရောင်ယာဉ်ဖြင့် ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင် ထားသော အမျိုးသား ၄ ဦးရောက်ရှိလာပြီး ငွေကျပ်(၁၁၇၉)သိန်းခန့် အား လည်းကောင်း လုယက် ယူဆောင်သွားသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။














