news

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ၊ အလှူငွေများနှင့် ဆေးဝါးပစ္စည်းများ လာရောက်လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၁၂             

          ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက်လှူဒါန်းလျက်ရှိသည်။

          ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက အလှူငွေများ၊ အထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများလှူဒါန်းခြင်းကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စေတနာရှင်အလှူရှင်များက ငွေကျပ် ၁၇၂၅ သိန်း၊ ၄၀ လီတာဆံ့ အောက်စီဂျင်အိုး ၁၀၀ လုံး၊ Flow meter ၁၀၀ ခုနှင့် ငွေကျပ် ၁၈ သိန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းမျိုးစုံတို့အား အသီးသီးပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

         

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော် ဩဂုတ်-၁၂

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၁ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ နမ့်ဖာဟော် တံတားမှ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၃၀ ဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား ၁ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံ ဆိပ်ကမ်းမှ အမျိုးသား ၁၉၇ ဦး၊ အမျိုးသမီး ၁၀၄ ဦး၊ စုစုပေါင်း ၃၀၁ ဦးကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။

ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ် ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကိုရှင်းလင်းပြောကြားခြင်း တို့ကိုစနစ်တကျဆောင်ရွက်ပေးပြီးတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည်များကူညီဆောင်ရွက်ပေးကြသည်။

          ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအားသက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကိုအဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၁၂

          ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ်၊ မြိတ်တပ်နယ်၌ စိုက်ပျိုး၊ မွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် မြိတ်မြို့ ပုဂ္ဂလိကပိုင် ဉစားကြက်မွေးမြူရေးခြံ တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ သည် ဩဂုတ် ၁၁ ရက်တွင် တွံတေးမြို့နယ်၊ အရိုင်းတောင်ကျေးရွာအုပ်စု၊ ဇောတိက ကျေးရွာရှိ Kyaw Lay Kyaw Company Limited ၏ ကျွဲ၊ နွားယာယီစုဆောင်းခြံနှင့် ရန်ကုန်ပေါက်ကျေးရွာအုပ်စုရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တွံတေး စိုက်ပျိုးမွေးမြူရေးစခန်း၌ ငါးမွေးမြူထုတ်လုပ်မှုနှင့် ထူးသစ်ကုမ္ပဏီမှ ဧက ၃၅၀ ၌ ငါး၊ ပုဇွန်မွေးမြူထုတ်လုပ်မှုများကိုလည်းကောင်း  အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန် ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၂

          နေပြည်တော်ကောင်စီနယ်မြေအတွင်းဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့တွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း အသီးသီးပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများ၊ ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက အဖွင့် အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသူများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ဝန်ကြီးချုပ်များနှင့် တိုင်းမှူး များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တောင်ကျချောင်းရေ ဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ထိန်းချုပ်ရေး သရုပ်ပြ သင်တန်းဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ် - ၁၂

          ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ထိန်းချုပ်ရေး သရုပ်ပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေကောင်စီဉက္ကဌ ဦးခိုင်ထွန်းဇော်နှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိမိသဘောဆန္ဒ အလျောက် ပါဝင်ကူညီဆောင်ရွက်ကြမည့် လူငယ်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

          ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေကောင်စီဉက္ကဌက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိမိ သဘောဆန္ဒအလျောက် ပါဝင်ကူညီဆောင်ရွက်ကြမည့် လူငယ်များအား PPE ဝတ်စုံ စနစ်တကျဝတ်ဆင်တတ်စေရန်၊ ပိုးသတ်ဆေးစနစ်တကျဖျန်းတတ်စေရန်၊ ကိုဗစ်-၁၉ လူနာများအား ပြုစုတတ်စေရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်တတ်စေရန် စသည့်အချက်များအား သင်ကြားပြသခဲ့ပြီး ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း 

နေပြည်တော်၊ ဩဂုတ်- ၁၂

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် ၂၀ လုံးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများနှင့် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သို့ တပ်မတော်ရေမှပြုလုပ်သည့် အောက်ဆီဂျင်အိုးတင်လှည်း များအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် အိမ်မဲမြို့များရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၅၅ လုံးအားလည်းကောင်း၊  စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ်အောက်ဆီဂျင် စက်ရုံမှ ထုတ်လုပ်သည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၀၅ လုံးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်ခရိုင်ပြည်သူ့ ဆေးရုံကြီး သို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၅၀ လုံးနှင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၄၀ လုံးတို့အား လည်းကောင်း တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေး အဖွဲ့အစည်းများက အသီးသီး သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဩဂုတ်- ၁၂

          တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၉၁၆ ဦးတို့အားလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်များအတွင်းရှိ  အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၃၁၄၀ ဦးအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်များမှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၄၄ ဦး တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တို့မှ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ဒေသခံပြည်သူများ စုစုပေါင်း ၂၅၁ ဦးတို့အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၇၉၆၂ ဦးတို့အားလည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၅ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၃၁၁၆ ဦးတို့အား လည်းကောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၁၀၀ ဦးတို့အား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခုရှိ မြို့နယ်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၇၆၀၅ ဦး တို့အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ပြည်မြို့နှင့် မိုးညိုမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များ၊ သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၁၇၇၆ ဦးတို့အားလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းထုတ်ပြန်ချက်

 

          လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ အက်ဥပဒေအရ ၂ဝ၂၁ ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့မှ (၂ဝ)ရက်နေ့အထိ အများပြည်သူအလုပ် ပိတ်ရက်ဖြစ်ပါသဖြင့် ၎င်းရက်များတွင် ဘဏ်များအားလုံး ပိတ်ထားလိမ့်မည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

ပြည်သူလူထုသို့ အသိပေးချက်

          ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ အသိအမှတ်ပြုထားသော အရည်အသွေးကောင်းမွန်၍ ဘေးကင်းစိတ်ချရသော ကာကွယ် ဆေးများ ဝယ်ယူ၍ ဦးစားပေးအုပ်စုများ သတ်မှတ်ကာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု ကျဆင်းရေး၊ ကူးစက်မှု ကွင်းဆက်ပြတ်တောက်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင် ရေး ဦးတည်ချက်များထားရှိကာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိပါသည်။