တတိယအကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပပြုလုပ် နေပြည်တော်၊ မတ် - ၁၀

Thursday, March 10, 2022 - 15:15

တတိယအကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ် - ၁၀

          တတိယအကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု ဖလှယ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကဇာတ်ရုံ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါဖျော်ဖြေပွဲသို့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Chalermphon Srisawadi၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ Department of Border Affairs မှ Director ဖြစ်သူ Lt. Gen. Pongtep Gaewchaiyo၊ ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် Maj. Gen. Krittaphum Luckklai နှင့် တာဝန်ရှိသူများ၊ ထိုင်းဘုရင့်တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခွန်နေထွန်းဦး၊ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ရဲရင့်အောင် နှင့် နှစ်နိုင်ငံတပ်မတော်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

          ဦးစွာ အခမ်းအနားသို့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရောက်ရှိ ပြီး မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)နှင့် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် တို့အား တွေ့ဆုံနှုတ်ဆက်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် ကဇာတ်ရုံအတွင်း၌ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ရာ မြန်မာ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့် ထိုင်းဘုရင့် တပ်မတော်ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များ၏ နှစ်နိုင်ငံ တေးသီချင်း၊ အက၊ အလှများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

          ယဉ်ကျေးမှုဖလှယ်ပွဲအပြီးတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ကိုလည်းကောင်း၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် တစ်ဦးက ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့ကိုလည်းကောင်း ဂုဏ်ပြုပန်းစည်း နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

          ယင်းနောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ နှစ်နိုင်ငံ ယဉ်ကျေးမှုအဖွဲ့ဝင်များသည် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။

မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့များ အနေဖြင့် တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အဖြစ် ယဉ်ကျေးမှုဖလှယ် ပွဲများကို ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်မှ ၃၁ ရက် အထိ ထိုင်း နိုင်ငံက အိမ်ရှင်အဖြစ်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ လ ၁၃ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လည်းကောင်း အသီးသီး ကျင်းပခဲ့ခြင်းဖြစ်သည်။  မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့အနေဖြင့် ယဉ်ကျေးမှု ဖလှယ်ပွဲများတွင် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုးသား ယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်ခဲ့ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ခိုင်မာလာစေရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိ သည်။