မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ခဲ့သည့် ဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သူ၊ ပတ်သက်ဆက်နွယ်သူတို့၏ ဝန်ခံပြောကြားချက်နှင့် ရွာခံသက်ကြီး အဖွား ၂ ဦး အား ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တို့၏ ပြောကြားချက်များ
နေပြည်တော်၊ ဇွန် ၁၈
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်လုပ်သေနတ်များပြုလုပ်ရောင်းချနေသူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စဉ် ကျေးရွာအနီးအရောက်၌ လက်နက်ကိုင်အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက် ခဲ့သူများနှင့် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ မြေကြမ်းတောကျေးရွာအုပ်စု၊ ဂျုပ်ချောင်းလေးကျေးရွာတွင် ပေါက်မြို့နယ်၊ ကင်းမကျေးရွာမှ သေနတ် ထိမှန်ဒဏ်ရာရရှိခဲ့သူ ၁ ဦးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စိစစ်ခဲ့ရာ အဆိုပါ ကျေးရွာရှိ သန်းထိုက်(၃၃)နှစ် (ဘ)ဦးသာဇံ၏နေအိမ်၌ ချစ်မောင်မောင်(၂၂)နှစ် (ဘ)ဦးမောင်ဦး၊ ချောင်းဆုံကျေးရွာ၊ ကင်းမကျေးရွာအုပ်စု၊ ပေါက်မြို့နယ်နေသူ အား ဝဲဘက်ဒူးခေါင်းတွင်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက် အရ ပါဝင်ပတ်သက်သူ စိုးဝင်းကျော်(၃၆)နှစ် (ဘ)ဦးကြည်မောင်အား ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက် နေသူအား ထပ်မံဖမ်းဆီးရမိခဲ့သည်။