news
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးကိုကိုအေး တို့က လိုဏ်ဂူတော်ကြီး၏သမိုင်းအကျဉ်း၊ နှစ်ကာလကြာမြင့်လာပြီဖြစ်သဖြင့် ပျက်စီး ယိုယွင်းလာသည့် အခြေအနေများနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က လိုဏ်ဂူတော်ကြီးသည် ဘာသာရေးအရအထွဋ်အမြတ်ထားသည့် နေရာ တစ်ခုဖြစ်သကဲ့သို့ သမိုင်းဝင်အဆောက်အဦတစ်ခုဖြစ်သဖြင့် ပြုပြင်မွမ်းမံထိန်းသိမ်း ခြင်းလုပ်ငန်းများကို စနစ်တကျသုတေသနပြုလုပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ အပေါ်ယံ ပျက်စီးယိုယွင်းမှုများကို ပြုပြင်မွမ်းမံခြင်းမဟုတ်ဘဲ ရှေးမူလက်ရာများကို မပျက်စီးအောင် ထိန်းသိမ်း၍ ခေတ်နှင့်လျော်ညီသည့် စနစ်များနှင့် ရေရှည်တည်တံ့ ကောင်းမွန်စေနိုင်မည့် စနစ်များကို ထည့်သွင်းတွက်ချက် ပြုပြင်ဆောင်ရွက်ရန်လိုပြီး ပြုပြင်မွမ်းမံမည့် ဒီဇိုင်းများ နှင့် အသုံးပြုမည့်ပစ္စည်းများကို အသေးစိတ်စဉ်းစား တွက်ချက်ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြုပြင်မှုများကိုလည်း မှတ်တမ်းများ စနစ်တကျထားရှိရန်လိုကြောင်း၊ ရေစိမ့်ဝင်ခြင်းသည် အဆောက်အဦများကို အဓိကပျက်စီးစေနိုင်သောကြောင့် ရေယိုစိမ့်မှု များ မဖြစ်ပေါ်စေရေးနှင့် မလိုအပ်သည့် အပင်များရှင်လင်းရေး အတွက်လည်း ဆောင်ရွက် ရန်လိုကြောင်း၊ နှစ်ပေါင်းများစွာ တည်တံစေနိုင်သည့် အဆောက်အဦဖြစ်စေရေး စနစ်တကျထိန်းသိမ်းပြုပြင်ကြရန် လိုကြောင်း၊ ပြုပြင်မှုများဆောင်ရွက်ရာတွင် ငွေကြေးနှင့် အချိန်ထက် ရေရှည်တည်တံစေရေး အပိုင်းလိုက်ခွဲ၍ စနစ်တကျဖြင့် Fully Renovation ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူအခြားဘာသာဝင်များ၏ အထင်ကရသမိုင်းဝင် အဆောက်အဦများကိုလည်း ပြုပြင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လိုဏ်ဂူတော်ကြီးရှိ ပျက်ဆီးယိုယွင်းနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များလမ်းညွှန်မှာကြား၍ လိုဏ်ဂူတော်ကြီး၏ အပေါ်ဆုံးထပ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဟံသာသီရိကုန်းတော်ရှိ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများလာရောက်စဉ် ခေတ္တသီတင်းသုံးသည့် အဆောင်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ စနစ်တကျပြုပြင်မွန်းမံထိန်းသိမ်းခြင်း များဆောင်ရွက်ရန်အတွက် လမ်းညွှန်မှာကြားသည်။
အဆိုပါ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး သည် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေပေါ်တွင် တည်ရှိပြီး ၁၉၅၃ ခုနှစ်တွင် ပန္နက်တော်တင် အုတ်မြစ်တော်စီခဲ့ကြောင်း၊ ဆောက်လုပ်ရေးအရာရှိ နှင့် လုပ်သားပေါင်း ၁၄၈၆ ဦးနှင့် လုပ်အားပေး ကုသိုလ်ရှင်ပေါင်း ၃၃ သိန်းကျော်တို့ ဖြင့် ဆောက်လုပ်ခဲ့ရာ ရက်ပေါင်း ၃၉၆ ရက် ကြာမြင့်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ လိုဏ်ဂူတော်ကြီးတွင် အကျယ် ၁၂ ပေရှိ ဝင်ပေါက် ၆ ခု၊ အတွင်းခန်းမကြီးသည် အလျား ၂၂၀ ပေ၊ အနံ ၁၄၀ ပေ အကျယ်ရှိပြီး ဆဋ္ဌသင်္ဂါယနာတင် ကိုရည်ညွှန်းသည့် အမြင့် ၅၅ ပေရှိ တိုင်ကြီး ၆ တိုင်ဖြင့် လိုဏ်ဂူ တော်ကြီး၏ အမိုးကို ထောက်မထားကြောင်း၊ လိုဏ်ဂူတော်ကြီးအတွင်း သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို ထေရဝါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာတော် အပါး ၂၅၀၀ ဖြင့် ၁၉၅၄ ခုနှစ် မေလ ၁၇ ရက်မှ ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်အထိ ၂ နှစ်နှင့် ၅ ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခြားသော ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အခမ်းအနားကြီး များကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ လိုဏ်ဂူတော်ကြီး၏ သက်တမ်းမှာ ၆၇ နှစ် ရှိပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာသဖြင့် အကြီးစား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက် လျက်ရှိရာ ၅၅ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း နှင့် ဗိုလ်ချုပ် ကိုကိုလွင် တို့က စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ် ခြင်းနှင့် သုတေသနလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စက်ရုံအဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆီသယ်ယာဉ်၊ ရေသယ်ယာဉ်၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နှင့် မီးသတ်ယာဉ်များသည် တပ်မတော်အတွက်သာမက မိမိတို့နိုင်ငံတွင် လိုအပ်လျက်ရှိသည့် မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်း များတွင်လည်း အသုံးပြုနိုင်သည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီစွာဖြင့် အရေ အတွက် များများထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆိုပါ မော်တော်ယာဉ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပို့ဆောင်ဖြန့်ဖြူး ပေးသွားရန်လိုကြောင်း၊ မော်တော်ယာဉ်များထုတ်လုပ်ရာတွင် ယခုထက်ပိုမို ကောင်းမွန် ပြီး နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် နည်းပညာမြင့်ကားများ ထုတ်လုပ်နိုင်ရေး အတွက်လည်း ဆက်လက်သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်းမှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများအား ခေတ်မီစက် ကိရိယာများနှင့်နည်းပညာများ အသုံးပြု၍ထုတ်လုပ်လျက်ရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံမှထုတ်လုပ်ထားရှိသည့် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်၊ ဆေးဖျန်း ယာဉ် နှင့်ဆီသယ်ယာဉ်များအား ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါတပ်မတော်အကြီးစားစက်ရုံမှ ဂါလံ ၂၀၀၀ နှင့် ၂၂၀၀ ဆန့် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်နှင့် ဆီသယ်ယာဉ်များ၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နှင့် မော်တော် ယာဉ် ဆက်စပ်ပစ္စည်းများဖြစ်သည့် Jeep Frame နှင့် Bolts & Nuts များအား ထုတ်လုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍအသီးသီးမှ အနုပညာရှင်များနှင့် တွေ့ဆုံ
နေပြည်တော် အောက်တိုဘာ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံပြီး စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတပိုင်းဆိုင်ရာကဏ္ဍများမှတဆင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်တင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကနှင့် ယာယီဦးစီး ကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ စည်သူကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဗဟိုသဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးစိန်မြအောင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့ နာယက ဦးမောင်မောင်လတ် တို့နှင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ရပ်ဝန်းမှ နိုင်ငံကျော်အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ကြသည်။
အကြမ်းဖက်သမားများ၏ ပြည်သူလူထုကို ဦးတည်၍ ပစ်မှတ်ထားတိုက်ခိုက်နေမှု ကို ရှုံ့ချကြောင်း OMNI FOCUS ကုမ္ပဏီမှ ထုတ်ပြန်
နေပြည်တော်၊ အောက်တိုဘာ - ၃၁
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲ့များသည် စစ်ရေးပစ်မှတ်များမဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ဦးတည်၍ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ အပါအဝင် အကြမ်းဖက်လုပ်ရပ်မျိုးစုံဖြင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကို ထိခိုက်ပျက်ပြားစေရန် ဦးတည်လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆင်မလိုက်အဝေးပြေး မှတ်တိုင်အနီး၌ YBS ယာဉ်တစ်စီး အား PDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားတစ်ဦးက မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကာ ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရ သည်။ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခင်ကလည်း ယခုကဲ့သို့ အများ ပြည်သူစီးနင်းလိုက်ပါလျက်ရှိသော ပုဂ္ဂလိက ယာဉ်လိုင်းများကို မိုင်းထောင်တိုက် ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။
ယင်းသို့ အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်ခဲ့မှုအပေါ် OMNI FOCUS ကုမ္ပဏီမှ အကြမ်းဖက်လုပ်ရပ် ကျူးလွန်မှုကို ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် ခရီးသွားပြည်သူ များ၏ အသက်ဘေးနှင့် လုံခြုံရေးကို အချိန်မီ ကူညီ ဆောင်ရွက် ပေးခဲ့သည့် ကုမ္ပဏီ မှ တာဝန်သိဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မှတ်တမ်းတင်ဂုဏ်ပြု ကြောင်းကို ဖော်ပြပါအတိုင်း ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိသည်။
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ - ၃၁
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၄၆ ဦးနှင့် အမျိုးသမီး ၅၉ ဦး၊ စုစုပေါင်း ၁၀၅ ဦးတို့ကိုလက်ခံထားရှိကြောင်း သိရှိရ သည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တပ်မတော်ဆေးရုံနှင့် ကျိုင်းတုံတက္ကသိုလ်တို့ရှိ Center များသို့ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ အဆိုပါ Center များရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်- ၁၉ အတည်ပြုလူနာများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၃၁
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေး တွင် တက်ရောက်လာကြသူများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ချက်
အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း
၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာနေရာ များနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။
၂။ ၎င်းတို့အနေဖြင့် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ ၎င်းတို့နှင့်ဆက်စပ်နေသည့် ပုဂ္ဂိုလ်အချို့၏ ထုတ်ပြန်ခဲ့သည့် အာဏာရှင်ဆန်သည့်ထုတ်ပြန် ချက်၊ ပြောကြားချက်တို့အပေါ်တွင်လည်း ထပ်မံစိုးရိမ်လျက်ရှိပြီး ရောက်ရှိရာနေရာများ၌လည်း လုံခြုံရေးအာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝ အစဉ်မပြေခက်ခဲမှုတို့နှင့် ရင်ဆိုင်နေရသဖြင့် မိမိတို့ နေရပ်ဒေသအသီးသီးသို့ ပြန်လာလိုသည့် ဆန္ဒများဖြစ်ပေါ်နေသည်ကို သတင်းရရှိပါသည်။
၃။ ယခုဖြစ်စဉ်ကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင် အဆောက်အဦများအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်း လမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူး သက်ညှာစွာ ဖြေလျော့ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၄။ မိမိနေရပ်ဒေသအသီးသီးမှ စွန့်ခွာတိမ်းရှောင်နေရသူများသည်လည်း မိမိတို့နိုင်ငံသားများ ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် တိမ်းရှောင်ရောက်ရှိနေရာများမှ မြန်မာနိုင်ငံရှိ ၎င်းတို့ဒေသ အသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက် သွားမည်ဖြစ်ပါသည်။
၅။ သို့ဖြစ်ပါ၍ နေရပ်ဒေသအသီးသီးသို့ အကြောင်းအရာ တစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန် ထားသူများမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်စိတ် ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျော့ပေးမှုများနှင့်အညီ ပြန်လည်ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စီမံ အုပ်ချုပ်ရေး ကောင်စီများနှင့် ပြည်ပရောက်နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲများ ပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၃၁
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသ ကြီး၊ အင်းစိန်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နှင့် ငပုတောမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ မြို့တို့၌ အသီးသီး ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်သော မြန်မာ့တပ်မတော် အား ထောက်ခံပါသည်၊ NUG CRPH PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG CRPH PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်း ရေး ပြည်ပဖြည့်စွက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလုပ်ငန်းစဉ်(၅) ရပ်အား ထောက်ခံပါသည်၊ ဒီမိုကရေစီ အရေခြုံကွန်မြူနစ်လုပ်ရပ်ကျဆုံးပါစေ၊ NUG PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ် ’’ စသည့် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင် ကြွေးကြော်ခဲ့ကြကြောင်း သတင်းရရှိသည်။





























