news

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကျင်းပပြုလုပ်မှု

(၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်)

          မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၁၀၃၀ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ခ်မြို့၊ Shahparirdwip လှေဆိပ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေး သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး ရဲဝေစိုး ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦး အဖွဲ့နှင့် အမှတ် (၂) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေပြုလှုပ်ရှားနေသော သောင်းကျန်းသူစခန်းများ၏ တည်နေရာများအား မြေပုံနှင့်တကွ အသိပေးဆွေးနွေးခြင်း၊ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဒေသတွင် အခြေပြုလှုပ်ရှားသည့် အကြမ်းဖက်သမားများ၊ သောင်းကျန်းသူများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ခိုး ဝင်/ထွက်မှုများ အား ထိရောက်စွာ တားဆီးနိုင်ရေး အလေးထားဆောင်ရွက်ပေးရန်နှင့် ၂၀၂၂ အတွင်း နှစ်နိုင်ငံနယ်စပ် ဒေသ၌ မူးယစ်ဆေးဝါးများကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိမှု များအား ဆွေးနွေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကလည်း နယ်စပ်ဒေသလုံခြုံရေး အခြေအနေ များ၊ တရားမဝင် ဝင်/ရောက်မှုများ ကို ထိရောက်စွာတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးမှုခင်းနှင့် လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် နှစ်ဖက်နယ်ခြားစောင့်တပ်ဖွဲ့များ အကြား ရှိရင်းစွဲ ရင်းနှီခင်မင်စွာ ဆက်သွယ်ဆက်ဆံရေးကို အခြေခံ၍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုနှင့် ဖြေရှင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေးခဲ့ကြပါ သည်။

          မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့်အလံတင် အစည်းအဝေးသည် ၁၅၀၀ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ PDF အကြမ်းဖက်သမားများ၏ ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် “အောင်တော်မူ”ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ အောက်တိုဘာ ၃၁

            စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်ခဲ့မှုကြောင့် “အောင်တော်မူ”ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ပြည်သူ တစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ အောက်တိုဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် တမူးမြို့၊ ဈေးတန်း(၁၀)ရပ်ကွက်နှင့် (၁၁)ရပ်ကွက်များသို့ PDF အကြမ်းဖက်သမားများက အကြမ်းဖက် အဖျက်အမှောင့် လုပ်ရပ်များပြုလုပ်ရန် ဝင်ရောက်လာကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်ထွက်ခွာလာခဲ့ရာ ဈေးတန်း(၁၀)ရပ်ကွက် “အောင်တော်မူ”ဘုန်းတော်ကြီးကျောင်းအနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့က လုံခြုံရေး တပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူများ ထိခိုက်မှု မရှိစေရေးအတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ထိန်းသိမ်း၍ ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့မှာ “အောင်တော်မူ”ဘုန်းတော်ကြီးကျောင်း အနောက်ဘက်လမ်းမှတစ်ဆင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။

            ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက်အဖွဲ့က ဆုတ်ခွာရာလမ်းကြောင်းရှိ ပတ်ဝန်းကျင် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် “အောင်တော်မူ”ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော် ဥူးသုဒဿန သက်တော် (၄၂)နှစ်၊ ဝါတော် (၂၂)ဝါတွင် ဝဲလက်မောင်းနှင့် ဝဲတံတောင်ဆစ်တို့တွင်လည်းကောင်း၊ ဈေးတန်း(၁၁)ရပ်ကွက်နေ ကိုအောင်သီဟ (၂၈)နှစ်(ဘ)ဦးအောင်စိုးတွင် ဝမ်းဗိုက်တွင်လည်းကောင်း ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး ခဲ့ပြီး တမူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

             ထို့သို့ ခန်းနေဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးတို့အား ထိခိုက်ဒဏ်ရာ ရရှိအောင် လူနေရပ်ကွက်များအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ် ခဲ့သည့် အကြမ်းဖက်သမားများအား ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ အောက်တိုဘာ ၃၁

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေကူရပ်ကွက်နေ အေးအေးလှိုင်(ခ) အေးသန်းသည် ၎င်းအသုံးပြုသည့် “Daw Aye Than” Facebook အကောင့်ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် မင်္ဂလာ အချိန် နံနက် ၀၆:၃၀ နာရီတွင်မွေးဖွားခဲ့သည့် ရတနာဆင်ဖြူတော်လေးအား ဘွဲ့နာမံတော်အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော်တက်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက် ဝတ္ထုကံမြေအတွင်းရှိ ရတနာ ဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်သည်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၇၂၂၅ ဦးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၆၃၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။

          (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ)၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews တို့၏ အစီရင်ခံစာများအပေါ် အပြန် အလှန်ဆွေးနွေးမှုများကို ၂၅-၁၀-၂၀၂၂ ရက်နှင့် ၂၆-၁၀-၂၀၂၂ ရက်တို့တွင်အသီးသီး ပြုလုပ် ခဲ့သည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား  စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်-ထားဝယ်ကားလမ်းဘေး၌ စိုက်ထူထားပြီး ပုလောမြို့နယ်သို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ အောက်တိုဘာ ၂၉

            တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မြိတ်-ထားဝယ်ကားလမ်းဘေး၌ စိုက်ထူထားပြီး ပုလောမြို့နယ်သို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအား အောက်တိုဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ်တိုင် ၂ တိုင် ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပုလောမြို့နှင့် ကျေးရွာ များသို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအနက် မင်းထိန်ကျေးရွာနှင့် ခမောင်းတော ကျေးရွာကြား ဒေသအခေါ် ကျောက်ပုဇွန်တောင်အနီး မြိတ်-ထားဝယ်ကားလမ်းဘေး၌ စိုက်ထူ ထားသည့် ကွန်ကရစ်ဓာတ်တိုင် ၂ တိုင်အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့သဖြင့် လျှပ်စစ်ဓာတ်တိုင် ၂ တိုင်မှာ လမ်းမကြီးပေါ်သို့ ပြိုလဲပျက်စီးခဲ့ပြီး ပုလောမြို့နှင့် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့မှုကြောင့် လျှပ်စစ်ဓာတ်တိုင် ၂ တိုင် ပျက်စီးခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်ခဲ့သည့်အတွက် ဒေသခံပြည်သူများ လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေးအတွက် တာဝန်ရှိသူများက အဆိုပါလျှပ်စစ်ဓာတ်အားလိုင်းများအား အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေးနှင့် ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့်ပစ်ပေါက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ခန်းအချို့နှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံး

နေပြည်တော်၊ အောက်တိုဘာ ၂၉

             ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲအား အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ခန်းနှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက် ည ၇ နာရီခွဲအချိန်တွင် ရေတာရှည်မြို့နယ်၊ တခွဲကြဲ ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၃၅ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါကျောင်းအတွင်းရှိ Grade-1၊ Grade-2၊ Grade-5 စာသင်ခန်း ၃ ခန်း၊ ကျောင်းအုပ်ကြီး ရုံးခန်း ၁ ခန်းနှင့် အဆိုပါအခန်းများအတွင်း ထားရှိသည့် သင်ထောက်ကူပစ္စည်းများဖြစ်သော စာရေးခုံ ၂၅ လုံး၊ ထိုင်ခုံ ၂၅ လုံး၊ ဘီရို ၃ လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

             ထိုသို့ ကလေးသူငယ်များ၏  ပညာသင်ကြားမည့်အခွင့်အလမ်းဆုံးရှုံးစေရန် ရည်ရွယ်ချက် များဖြင့် စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။