news

(၁၉)ကြိမ်မြောက်အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ရန် အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ - ၃

လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက်အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ရန် အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် နိုဝင်ဘာ ၂ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

ကာကွယ်ရေးဦးစီးချုပ်(လေ)ဦးဆောင်သော ကိုယ်စားလှဘ်အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် တစ်ဦးအား ၎င်း၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ ၃

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနားကို ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူနှင့် ၎င်း၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့်ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရေတာရှည်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်း များ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

          PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြု မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရကထုတ်ပြန်ထား ပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင် ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။

(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း

ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ - ၃

                ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ လေကြောင်းခရီး ဖြင့် ထွက်ခွာသွားကြသည်။    အဆိုပါအဖွဲ့အား စစ်ရေးချူပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက နေပြည်တော် လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

                မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂  ဦးတို့ လိုက်ပါသွားကြသည်။

                (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲကို  နိုဝင်ဘာ ၄ ရက်မှ ၁၁  ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ပစ္စတိုအမျိုးသားအသင်း ၊ ပစ္စတိုအမျိုးသမီးအသင်း ၊ ကာဘိုင်အမျိုးသားအသင်း ၊ ရိုင်ဖယ်အမျိုးသားအသင်းနှင့် စက်သေနတ်အမျိုးသား အသင်းတို့  ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၃

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ - ၃

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်း အပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှထွက်ခွာရာ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ် ထိန်ဝင်း၊ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။ အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တွင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုစစ်သည်များနှင့် သူနာပြုရဲမေများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ခွဲစိတ်ရောဂါများ ရှာဖွေစမ်းသပ်ကုသ ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၌ ဒေသခံပြည်သူ ၄၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆) မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၄၀၄ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌ ဒေသခံပြည်သူ ၇၆၄ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၂၅၁၃ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဒေသခံပြည်သူ ၁၁၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

         ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။