ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၌ ခိုးဝင်ဘင်္ဂါလီ ၆၅ ဦးနှင့် ပို့ဆောင်ပေးသူ အမျိုးသား ၄ ဦး တို့အား ဖမ်းဆီးရမိခဲ့ပြီး လမ်းခရီးတွင် ရာသီဥတုဆိုးရွားမှုနှင့် အစာရေစာပြတ်လတ်မှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသူ ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ တို့ ဆေးကုသမှု ခံယူနေစဉ် သေဆုံး
နေပြည်တော်၊ ဩဂုတ် ၃၁
၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက် ည ၁၀ နာရီခွဲခန့်တွင် ဖျာပုံမြို့နယ်၊ ဂယက်ကြီးကျွန်း (ခ)ခတ္တာကျွန်းအနီး၌ ခိုးဝင်ဘင်္ဂါလီများ တင်ဆောင်လာသည့်ရေယာဉ် ၁ စီးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကဒုံကလေးကျွန်းနှင့် ဂယက်ကြီးကျွန်း(ခ)ခတ္တာကျွန်းကြားတွင် အလျား ၃၈ ပေ၊ ဗျက် ၁၀ ပေရှိသော ငါးဖမ်းစက်လှေ ၁ စီးအား ကျော်ဇောလင်း(၃၇)နှစ် (ဘ) ဦးကျော်ဝင်း၊ စက်လှေမောင်း၊ ကွင်းဝိုင်းကျေးရွာ သံတွဲမြို့နယ်၊ မျိုးချစ်ဦး(၁၈)နှစ် (ဘ)ဦးမြတ်ဝိုင်း၊ လှေလုပ်သား၊ လိပ်ကျောက်ရကျေးရွာ၊ မင်းပြားမြို့နယ်၊ သန်းဝင်း(၃၅)နှစ် (ဘ)ဦးကျော်အေး၊ လှေလုပ်သား၊ ပေါက်တောမြို့နှင့် မြင့်ရွှေ(၅၂)နှစ် (ဘ)ဦးစံသိန်း၊ လှေလုပ်သား၊ သစ်ပုတ်တောင် ကျေးရွာ၊ ရမ်းဗြဲမြို့နယ်နေသူတို့ ၄ ဦးနှင့်အတူ ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၆၅ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။


















































































































































