မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှ ပေးပို့သည့် အကူအညီပစ္စည်းများ သယ်ဆောင်လာသည့် မလေရှားလေကြောင်းလိုင်းမှ လေယာဉ် တစ်စီးသည် ယနေ့နံနက် ၁၁နာရီ ၁၀မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိသည်။
ယနေ့ရောက်ရှိလာသည့် လေယာဉ်သည် အာဆီယံနိုင်ငံများမှ ပေးပို့သည့် စတုတ္တ အသုတ်ဖြစ်ပြီး အကူအညီပစ္စည်းများကို သဘာဝဘေးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာန(AHA Centre)တာဝန် ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး မုန်တိုင်းဒဏ်သင့် ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ပို့ဆောင်နိုင်ရေး လွှဲပြောင်းပေးအပ်သွား မည်ဖြစ်သည်။
စတုတ္တအသုတ်အဖြစ် ယနေ့ရောက်ရှိလာသည့် ထောက်ပံ့ကူညီရေးပစ္စည်းများမှာ Shetter Tool Kit ၄၅၀ ခု၊ Family Tent ၂၀ ဖာ၊ Water Filteration System ၁ ဖာ၊ Water Filteration System (Pump) ၂ ဖာ၊ တာပေါ်လင်စ ၂၆၂ ခု ပါဝင်ပြီး စုစုပေါင်း ၁၁ ထုပ် ကုန်တန်ချိန် ၁၉ တန်ကျော်ရှိကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၇၂၀၀၀) ကျော် ဖြစ်ကြောင်းသိရသည်။
အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများထံ ပေးအပ်လှူဒါန်း ထောက်ပံ့ ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများ ပံ့ပိုးရာတွင် ဘေးသင့်ပြည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထား၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ကြီးကြပ်မှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများဝန်ကြီးဌာနအသီးသီးနှင့် အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်လက်ရှိပြီး AHA Centre သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။