နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်
နေပြည်တော်၊ နိုဝင်ဘာ - ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နေပြည်တော် နည်းပညာတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jean Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့က နေပြည်တော် နည်းပညာတက္ကသိုလ် ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်နည်းပညာတက္ကသိုလ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး နေပြည်တော်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် များပက်ဖျန်းပေးကြသည်။
ထို့နောက် စုဝေးခန်းမအတွင်း နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်ပွဲ အထိမ်းအမှတ်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ယိမ်းအဖွဲ့က တက္ကသိုလ်နန်းတေးသီးချင်းဖြင့် သီဆို ကပြ ဖျော်ဖြေကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ အခမ်းအနားသည် အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ ကဏ္ဍတွင် ထူးခြားဆန်းသစ်စေမည့် နိုင်ငံတကာအဆင့်မီ နည်းပညာတက္ကသိုလ်တစ်ခုကို မြို့တော် နေပြည်တော်တွင် ဖွင့်လှစ်နိုင်သည့်အတွက် ထူးခြားလေးနက်မှုများနှင့်အတူ ကျက်သရေမင်္ဂလာရှိသည့် နေ့တစ်နေ့လည်း ဖြစ်ပါ ကြောင်း။
နေပြည်တော် ဒေသခံပြည်သူများ၏ သားသမီးများနှင့် အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသူ၊ ကျောင်းသားများအတွက် သင်ကြား၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ အဆင့်မြင့်အင်ဂျင်နီယာ ပညာရပ်များကို လေ့လာသင်ယူခွင့် ရရှိစေရန်၊ ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ပြီး နိုင်ငံအတွက် အကျိုးကျေးဇူးများစွာကို မျှော်လင့်ပြီး နေပြည်တော်နည်းပညာ တက္ကသိုလ်ကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း။














