ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့
Stavropol Region ရှိ အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့် လေအားလျှပ်စစ်စက်ရုံများသို့ သွားရောက်လေ့လာ
နေပြည်တော်၊ နိုဝင်ဘာ ၂၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၉ ရက်တွင် Stavropol Region အတွင်းရှိ Barsuchkovskaya အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့် Kochubeevskaya WPP လေအားလျှပ်စစ်စက်ရုံများသို့ သွားရောက်လေ့လာကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Barsuchkovskaya အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူး နှင့်တာဝန်ရှိသူများက ကြိုဆိုကြပြီး ဓာတ်အားပေး စက်ရုံ အကြောင်းနှင့် စက်ရုံလည်ပါတ်ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းကြသည်။
အဆိုပါ Rosatom ကုမ္ပဏီမှဆောင်ရွက်ထားသော Barsuchkovskaya အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ Stavropol Region တွင် တည် ရှိပြီး Stavropol တူးမြောင်းကြီး တစ်လျှောက်တွင် ဓာတ်အားပေးစက်ရုံ ၁၁ ရုံအား ဆင့်ကဲ (Cascade) တည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။ စက်ရုံကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် တည်ဆောက်ပြီးစီးခဲ့ပြီး တပ်ဆင်အင်အားမှာ 5.25 MW ဖြစ်ကာ ဓာတ်အားစနစ်အတွင်းသို့ 35 KV ဓာတ်အားလိုင်းဖြင့် ချိတ်ဆက် ဓာတ်အား ပို့လျက်ရှိသည်။ ဓာတ်အားပေး ၁၁ ရုံ၏ တပ်ဆင် အင်အားမှာ 481.8 MW ဖြစ် ကြောင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အကျိုးရှိစွာ တူးမြောင်း တစ် လျှောက်ဆောက်လုပ်ထားကြောင်းတွေ့ရှိရသည်။ ကုမ္ပဏီအနေဖြင့် ရေအရင်း အမြစ် ပေါကြွယ်ဝသော မြန်မာနိုင်ငံတွင်လည်း လာရောက်ပူးပေါင်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက် လိုကြောင်းသိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Kochubeevskaya WPP လေအားလျှပ်စစ်စက်ရုံသို့ သွားရောက်၍ စက်ရုံဧရိယာ အတွင်း တည်ဆောက် တပ်ဆင်ထားရှိသည့် လေအားလျှပ်စစ်ဆိုင်ရာတည်ဆောက် ထားရှိမှု၊ ဓာတ်အား စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှု့လေ့လာကြရာ စက်ရုံမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင် များက သိရှိလိုသည်များမေးမြန်းကြသည်။
အဆိုပါ Rosatom ကုမ္ပဏီမှဆောင်ရွက်ထားသော Kochubeevskaya WPP လေအားလျှပ်စစ်စက်ရုံမှာ Stavropol Region တွင်တည်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ မှ စတင်၍ လည်ပါတ်မောင်းနှင်ခဲ့သည်။ Wind Turbines ပေါင်း ၈၄ တိုင် ရှိပြီး တစ်တိုင်လျှင် 2.5 MW ရှိ၍ စုစုပေါင်းတပ်ဆင်အင်အားမှာ 210MW ဖြစ်ပြီး တစ်နှစ်လျှင် ယူနစ်သန်းပေါင်း ၆၀၀ ခန့်အား ထုပ်လုပ်လျှက်ရှိပြီး ဓာတ်အား စနစ်အတွင်းသို့ 330 KV ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်ဓာတ်အား ပို့လျက်ရှိသည်။ ဧက ၁၆၀ အကျယ်အဝန်းတွင် တည်ဆောက်ထားရှိပြီး စုစုပေါင်းရင်း နှီးမြုပ်နှံမှု ငွေပမာဏမှာ ရုရှား ရူပီ ၂၈ ဘီလီယံခန့် ဖြစ်ကြောင်းသိရသည်။ တာဝါတိုင် တစ်တိုင်၏ အမြင့်မှာ ၁၅၀ မီတာရှိပြီး တာဝါတိုင် Blade မှာ မီတာ ၅၀ ရှိကာ စုစုပေါင်း အလေးချိန်မှာ တန် ၃၂၀ ဖြစ်သော်လည်း တည်ဆောက် တပ်ဆင်ရာတွင် လွယ်ကူလျှင်မြန်စွာဆောင်ရွက်နိုင်ကြောင်း နှင့် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် လည်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် အထူးစိတ်ဝင်စားကြောင်းသိရသည်။