နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဒီဇင်ဘာ ၆
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာ စကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဗဟိုကော်မတီအကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိ ပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ခရီးသွားလုပ်ငန်းကဏ္ဍသည် ဟိုတယ်နှင့်တည်းခို ရိပ်သာလုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ခရီးသွားကုမ္ပဏီများ၊ဧည့်လမ်း ညွှန်လုပ်ငန်းများ၊ စားသောက်ဆိုင်နှင့်ဖျော်ဖြေရေးလုပ်ငန်းများ၊ အမှတ်တရပစ္စည်း ရောင်းချ သည့် လုပ်ငန်းများစသည်ဖြင့်ကဏ္ဍစုံ၊ နယ်ပယ်စုံဖွဲ့စည်းထားသည့် စီးပွားရေးလုပ်ငန်း နယ်ပယ်တစ်ခုဖြစ်ပါကြောင်း၊ထို့ကြောင့်ခရီးသွားလုပ်ငန်းကို ကမ္ဘာ့အကြီးဆုံးနှင့်အဆက် မပြတ်အလျင်အမြန်ဖွံ့ဖြိုးနေသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွား လုပ်ငန်းကို မှီခိုရပ်တည်နေရသည့် အများပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းများ လည်း များစွာထိခိုက်ဆုံးရှုံးစေခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ခုနှစ် အောက်တိုဘာ လ မှစ၍ ပြည်တွင်းခရီးသွားလုပ်ငန်းများ စတင်တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအထိ (၁၀) လအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု (၁) သန်းကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၄၇၁ ရာခိုင်နှုန်းတိုးတက် ဝင်ရောက်ခဲ့ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နည်းပါး နေသည့်အတွက် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိရေး အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူများအားလုံး ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလို ပါကြောင်း။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်ကြရာတွင် လွယ်ကူ အဆင်ပြေစေရန်နှင့် မလိုလားအပ်သည့်အဟန့်အတားများ၊ ကြန့်ကြာမှုများအား အတတ်နိုင် ဆုံး ဖြေလျော့ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည့် ခရီးသွားလုပ်ငန်းကို ရေရှည်တည်တံ့ဖွံ့ဖြိုးစေရေး၊ ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်မြှင့်တင်ကာ တစ်နှစ်ပတ်လုံးလည်ပတ်နိုင်သော ခရီးစဉ်ဒေသဖြစ်စေရေးနှင့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်သည့်အခါတွင် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ ခရီးသွားလုပ်ငန်း ဆက်စပ်အဖွဲ့အစည်းအားလုံးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဒုတိယ ဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဖတ်ကြားတင်ပြပြီး အတည် ပြုချက် ရယူသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ်၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။