နှစ်သစ်ကူးကာလတွင် မန္တလေးမြို့ပေါ်ရှိ အပြစ်မဲ့ပြည်သူများစုဝေးသည့် နေရာများ၌ ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် Mandalay Young Force (MYF) နှင့် ဝက်လက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား အချိန်မီကြိုတင်သတင်းလက်ဦးမှုရယူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီ ၁
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။ ထို့အပြင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နှစ်သစ်ကူးကာလအတွင်း အပြစ်မဲ့ပြည်သူ များအား ထိတ်လန့်ကြောက်ရွံ့စေရန် မန္တလေးမြို့အတွင်း၌ အများပြည်သူများ စုဝေး လျက်ရှိသည့် နေရာများတွင် ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းတွင် ချမ်းမြသာစည် မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၈ x ၄၉ လမ်းကြား၊ ၁၀၆ x ၁၀၇ လမ်းကြား၌ Mandalay Young Force (MYF) အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော ကျော်မင်းခန့်၊ ဟိန်းထက်အောင်(ခ)ကိုဟိန်း တို့ ၂ ဦးအား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် ရီမုမိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။