ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ် အားကစားသမားများပေါ်ထွက် လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပိုးရယ် အောင်သိန်း၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင် နှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့်အားကစားသမားများ တက်ရောက် ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်/မယ်များသည် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်း အောင်မြင်မှုရရှိရေးအတွက် မိမိတို့၏ အစွမ်းအစ အရည်အသွေး များကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယှဉ်ပြိုင်ခြင်း သည် အဓိကဖြစ်သလို အနိုင်ရခြင်းသည်လည်း ပဓာနကျသည်ဆိုသော ခံယူချက်နှင့် မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်း၏ ဂုဏ်ကိုမြှင့်တင်နိုင်ရန် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင် သွားကြရန်နှင့် အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားသမားကောင်း စိတ်ဓာတ်အပြည့်အဝဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြ စေလိုကြောင်း ပြောကြားပြီး “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး ဂျူဒိုပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ဝင် အားကစားသမားများက အားကစား သစ္စာ အဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစား အသင်းများမှ အားကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပထမနေ့ဂျူဒိုပြိုင်ပွဲ (၄၅) ကီလိုတန်း အောက်တစ်ဦးချင်း အမျိုးသား/အမျိုးသမီး ဂျူဒိုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြ သည်။
အဆိုပါ “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ” ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၄ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၂၈ သင်းမှ အသင်းအုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားအင်အား စုစုပေါင်း ၂၆၆ ဦးဖြင့် ပြိုင်ပွဲကာလ ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါဝင်စားသည့်မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။