ရန်ကုန်၊ ဩဂုတ်- ၁၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားနေစဉ်ကာလအတွင်း အများ ပြည်သူအတွက် ဆေးဝါးဈေးနှုန်းမြင့်မားခြင်းမရှိစေရန် ရည်ရွယ်၍ ဆေးဂိုဒေါင်များကို မြို့နယ် အလိုက် အဖွဲ့များဖွဲ့၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နေ့စဉ် ရောင်းဝယ်နေမှုများကို မထိခိုက်စေရန် ဆေးဝါးဖြန့်ချိရောင်းချနေသော မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊ သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေးမှ လက်လီ၊ လက်ကားဆိုင်ကြီးများကို ဝင်ရောက်စစ်ဆေးခြင်းမပြုဘဲ သီးသန့်ဂိုဒေါင်များဖြင့် သိုလှောင်ထားသော ဆေးဂိုဒေါင် (၂၄)ခုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးများကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ ဆေးဂိုဒေါင်ပိုင်ရှင်နှင့် ကိုယ်စားလှယ်များရှေ့မှောက်တွင် ဂိုဒေါင်လက်ကျန်စာရင်းကောက်ယူ ခြင်း၊ ကုန်ပစ္စည်းအဝင်အထွက်လယ်ဂျာများ စစ်ဆေးခြင်း၊ ခွင့်ပြုချက် လိုင်စင်ရှိ/မရှိ၊ ယခင်ကပင် ဆေးပစ္စည်းများ တင်သွင်းရောင်းချခြင်း (သို့မဟုတ်) ယခုကာလမှသာ ဈေးကွက်အတွင်းမှ ဆေးပစ္စည်းများကို ဝယ်ယူသိုလှောင်ခြင်း၊ ပစ္စည်းများကို ထိန်းချုပ်ထားခြင်း(သို့မဟုတ်)အမြတ်ကြီး စားရောင်းချရန် ရည်ရွယ်သိုလှောင်ခြင်းရှိ/မရှိ ဖော်ထုတ်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပါသည်။













