ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၂)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြုလုပ် နေပြည်တော်၊ စက်တင်ဘာ - ၁၃

Monday, September 13, 2021 - 16:15

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၂)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၃

         ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၂)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

         အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အစည်း အဝေးအား နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုရက်အနေဖြင့် စက်တင်ဘာ ၁၂ ရက်အထိ ၅၃၈ ရက်ရှိကာ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၄၃၁၈၃၃ ဦးရှိသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုများကို ရက်အလိုက် စောင့်ကြပ်ကြည့်ရှုခဲ့ရာ စက်တင်ဘာလ ၅ ရက်မှ စက်တင်ဘာလ ၁၂ ရက်အတွင်း ရောဂါတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းမှာ ၈ ရာခိုင်နှုန်း အထိ ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီအစည်းအဝေးအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ ပိုးတွေ့ရှိမှု ရာခိုင်းနှုန်းထက် ဝက်ကျဆင်းရေးရည်မှန်းကာ အပတ်စဉ် တနင်္လာနေ့တိုင်း ဇူလိုင်လ ၇ ရက်နေ့မှစ၍ ယနေ့ (၁၂)ကြိမ်မြောက်အဖြစ် ကျင်းပလျက်ရှိကာ အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကိုလည်း Video Conferencing စနစ်ဖြင့် နေ့စဉ် နီးပါးဆောင်ရွက်ခဲ့ရာ ယခုနောက်ပိုင်းရက်သတ္တပတ်လျင် ၂ ကြိမ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ  ပြည်သူလူထု၏ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှု များကြောင့်လည်း အမြင့်ဆုံးပိုးတွေ့မှုရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်မှ ယခု အပတ်အတွင်း ၈ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် စာရင်းအရ ၈ သိန်းကျော်ရှိပြီး လက်ရှိ ၄ သိန်းကျော် ကာကွယ်ဆေးထိုးနှံ ထားသဖြင့် ၅၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်ကြောင်း၊ ရုံးပိတ်ကာလ(၂)လနီးပါးကျော်ကြာမြင့်ခဲ့ပြီးသွားလာမှု၊ လုပ်ငန်း လုပ်ဆောင်မှုများကို သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ခဲ့ သဖြင့် ကူးစက်မှုနှုန်း ကျဆင်းလာခဲ့ခြင်းကြောင့်လည်း ရုံးပိတ်ရက်ရှည် ကာလအတွင်း လုပ်ငန်းအချို့ လည်ပတ်မှု ရပ်တန့်မှုအပေါ် ပြန်လည်လည်ပတ် ဆောင်ရွက်နိုင်ရေး ယနေ့(၁၃-၉-၂၀၂၁)ရက်မှစ၍ ဝန်ကြီးဌာနအလိုက် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ နှစ်ပတ်တက် နှစ်ပတ်နားစနစ်ဖြင့် ရုံးဌာနများ စတင်ဖွင့်လှစ်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ ကုသဆေးနှင့် အထောက်အကူပြုပစ္စည်း တင်သွင်းမှုများ နှင့်ပတ်သက်၍ ကန့်သတ်ချက်များအား ဖြေလျော့ပေးခြင်း၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ခဲ့ မှု၊ ပြည်သူလူထုအားလုံး၊ ဝန်ထမ်းများအားလုံးကလည်း ပူးပေါင်း ဆောင်ရွက်ခဲ့မှု နှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ ကုသဆေးနှင့် အထောက်အကူပြု ပစ္စည်းများအတွက် ကူညီပံ့ပိုးခွင့်ပြုပေးမှုစသည့် ပူးပေါင်း ဆောင်ရွက်မှုများကြောင့် (၂)လတာအတွင်း ရောဂါပိုးကူးစက်မှု ရာခိုင်နှုန်း သိသိသာ သာ ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ ရောဂါကူးစက်မှုနှုန်း ၈ ရာခိုင်နှုန်း အထိ ကျဆင်းလာသည်ကို တွေ့ရှိရသော်လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ သုံးသပ်ချက်၊ နိုင်ငံတကာ၏ စံနှုန်းတို့အရ ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက် ရောက်မှသာလျှင် စိတ်ချရမည့် အခြေအနေဖြစ်ကြောင်း၊ ထိုသို့စိတ်ချရသည့် ရာခိုင်နှုန်းအောက် လျော့ကျသွားအောင် လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများကို လက်မလျှော့ဘဲ အားသွန်ခွန်စိုက်ဖြင့် မြန်မြန်ဆန်ဆန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ရောဂါကူးစက်မှု လျှော့ကျလာသဖြင့် ပြည်သူအများစုက စိုးရိမ်စရာမရှိဟု  ယူဆ၍ ကိုဗစ်-၁၉ ရောဂါအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာမှု အားနည်းလာလျှင်လည်းကောင်း၊ တာဝန်ရှိ သူများ၏ကြပ်မတ်မှု အားနည်းလာလျှင်သော်လည်းကောင်း၊ လူစုလူဝေးများ၊ လူအုပ်စုများပါဝင်သည့် အခမ်းအနား ပျော်ပွဲရွှင်ပွဲများ  ဆောင်ရွက်ခဲ့လျှင် သော်လည်းကောင်း ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား မည်သူတစ်ဦးတစ်ယောက်မှ ကြိုတင်သိမြင်ခန့်မှန်းနိုင်မှု မပြုလုပ်နိုင်ရာ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ မပျက်မကွက် ဆက်လက် လိုက်နာရန်လိုအပ်သလို ကာကွယ်ဆေးထိုးနှံရန် ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က လူတိုင်းအသက် ထက်အရေး ကြီးတာ ဘာမှမရှိဟု သတ်မှတ်ထားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၊ အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အရေးပေါ်တုန့်ပြန်ရေးကော်မတီအသီးသီးတို့က လူတိုင်းအသက်ရှင် သန်နိုင်ရေးတို့အတွက် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ဆေးဝါးများ၊ လိုအပ်သည့် အောက်ဆီဂျင်များအား ပြည်သူအများစုကလည်း ဝိုင်းဝန်းလှူဒါန်းမှု၊ အစိုးရမှပံ့ပိုးကူညီဆောင်ရွက်မှု၊ ပြည်နယ် နှင့် တိုင်းဒေသကြီး အလိုက် အောက်ဆီဂျင် Plant များ တည်ဆောက်ခဲ့မှုစသည့်တို့ဖြင့် အဘက်ဘက်က အပြုသဘောဆောင်သည့် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ရောဂါဖြစ်ပွားမှုအား တွန်းလှန်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိ သော်လည်း အချို့သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကုသရေးလုပ်ငန်း၊ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကို နှောင့်ယှက် ဖျက်ဆီးနေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရကြောင်း၊ နိုင်ငံတော်က ထိုးနှံပေးသည့် ကာကွယ်ဆေးများ၏ ထိရောက်မှုများအပေါ် ယုံကြည်မှု ကင်းမဲ့စေရန် မဟုတ်မမှန်ပြောဆိုမှုများအပြင် မြေပြင်တွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကိုလည်း နှောင့်ယှက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စေတနာ့ ဝန်ထမ်းများ၊ ကာကွယ်ဆေး ထိုးနှံသူများ မလာရဲအောင်၊ မလုပ်ရဲအောင်၊ ပျက်သုဉ်း သွားအောင် လက်ပစ်ဗုံးများဖြင့် ပစ်ပေါက် တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းလုပ်ရပ်များ သည် မဖြစ်သင့်မဖြစ်ထိုက်သော BIO Terrorism အကြမ်းဖက် လုပ်ရပ်များဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် လူတစ်ဦးချင်းစီ၏ လူအခွင့်အရေး အား အကြမ်းဖက်ခြင်းလည်းဖြစ်ကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍လည်း ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း လုံခြုံရေးအရ တင်းကြပ်စွာ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအပေါ် ထိခိုက်နှောင့်ယှက်လာသူမှန်သမျှ ပြင်းပြင်းထန်ထန် ကာကွယ်၊ တုံ့ပြန်ရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် အစီအမံ များချမှတ်ကာ ကာကွယ်ဆေး၊ ကုသဆေးများကို ရရှိအောင် ဆောင်ရွက်လျက်ရှိသဖြင့်  ၎င်းလုပ်ငန်းများအပေါ် မနှောင့်ယှက်ရန် လိုကြောင်း၊ နိုင်ငံတော် အကြီးအကဲအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များကိုလည်း ကာကွယ်ဆေးထိုးနှံပေးရန် ပြောကြားထားပါကြောင်း၊ နိုင်ငံတွင် နေထိုင် လျက်ရှိသည့် မိမိတို့၏ တိုင်းရင်းသားများအား ကျန်းကျန်းမာမာဖြင့် ကိုဗစ်-၁၉ ရောဂါ ကျော်လွှားနိုင်ရန် ကာကွယ်ဆေးများ ထိုးနှံရန် စေတနာထား ပြောကြားခဲ့ခြင်းဖြစ်‌ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီမှတစ်ဆင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ၊ လက်မှတ်မရေးထိုးရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆက်သွယ် ဆောင်ရွက်ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် QR Code စနစ်ဖြင့် ဆောင်ရွက် ရသဖြင့် စာရင်းဇယား အတိအကျဖြင့် ဆောင်ရွက်ရမည်ဖြစ်သောကြောင့် လိုအပ်သည့် အင်အားစာရင်းများပေးပို့ရန် ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၊ အချို့သော အဖွဲ့အစည်းများက ဆက်သွယ်ပြောဆိုမှုများအပေါ် နားလည်မှုလွဲ၍ ဆေးထိုးနှံမည့် အင်အားတောင်းခံမှုအပေါ် သံသယဖြစ်ပေါ်ခဲ့သည်ကို ကြားသိရကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ စေတနာမှာ တိုင်းရင်းသားအားလုံး ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ ကိုဗစ်-၁၉ ကပ်ရောဂါအား ကာကွယ်ဆေးထိုးခြင်းဖြင့် ကျော်လွှားနိုင်စေရန်၊ ဖြစ်ပွားလာပါကလည်း ရောဂါအား ကောင်းမွန်စွာ ခုခံနိုင်ပြီး အမြန်ဆုံးပြန်လည် သက်သာစေရန်စသည့် ကောင်းမွန်စေရန် ရည်ရွယ်ချက်များ၊ စေတနာ အပြည့်ထားလျက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ ပြောကြားရာ တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် ဆေးထိုးရန်ကျန် အရေအတွက်များ များပြားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ မြို့နယ်များအလိုက် စနစ်တကျပြန်လည်စိစစ်၍ ထိုးနှံရမည့် အုပ်စုများအလိုက် ကျန်ရှိမှုမရှိစေရေး၊ စာရင်းဇယားများ ရှုပ်ထွေးမှု မရှိစေရေး၊ လုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဖြန့်ဝေပေးထားသည့် ကာကွယ်ဆေးများကို သက်ဆိုင်ရာ အုပ်စုများအလိုက် ထိုးနှံရာတွင် စနစ်တကျနှင့် လျင်မြန်စွာပြီးမြောက်အောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ သည် ပြီးပြတ်သွားမည်မဟုတ်သည့်အတွက် နိုင်ငံတော်အကြီးအကဲအနေဖြင့် ကာကွယ်ဆေးအား ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနများကို တာဝန်ပေးအပ်၍ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဝါယမ  စိုက်ထုတ် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ကလည်း လက်ရှိဖြန့်ဝေပေးထားသည့် ကာကွယ်ဆေးများကိုလည်း အမြန်ဆုံး ထိုးနှံနိုင်ရေး၊ ထိုးနှံပြီး စာရင်းဇယားများကိုလည်း မှန်မှန်ကန်ကန်၊ တိတိကျကျ ပေးပို့နိုင်ရေးတို့ကို ဝါယမ စိုက်ထုတ်ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားခဲ့မှု၊ ရောဂါ ပျောက်ကင်းမှုနှင့် လက်ရှိဆေးရုံများတွင် ကုသမှုဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပိုးတွေ့လူနာနှင့် သံသယလူနာများအား လက်ခံကုသပေးနိုင်ရေးအတွက် ပြင်ဆင်ထား ရှိသည့် ဆေးရုံနှင့်စင်တာများ၏ အခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ထိုးနှံရန်ကျန်ရှိသည့်အခြေအနေများ၊ ဆေးရုံများအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရောဂါပိုးအား နေ့စဉ်စစ်ဆေးနေမှု၊ ပိုးတွေ့ရှိမှုနှင့် ကူးစက်မှုနှုန်း လျှော့ကျလာသည့်အခြေအနေများ၊ အောက်ဆီဂျင်များ ထုတ်လုပ်နိုင်မှု၊ လိုအပ်ချက် ပြည့်မီကျော်လွန်သည်အထိ ထုတ်လုပ်နိုင်မှုအခြေအနေများ၊ စက်တင်ဘာလ ၁၂ ရက် တွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၄ သန်း ရောက်ရှိခဲ့မှုနှင့် ပြည်နယ်နှင့်တိုင်းဒေသ ကြီးများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ ကာကွယ် ဆေးထိုးနှံပြီးစီးမှု၊ ထိုးနှံရန်ကျန်ရှိမှုနှင့် သတ်မှတ်ချက်အတိုင်း စနစ်တကျထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ ယခု ကာကွယ်ဆေးထိုးနှံမှုတွင် အသက်(၅၅)နှစ်အထက် လူပုဂ္ဂိုလ်များ၊ မသန်စွမ်းများ၊ EAO များကိုပါ ထပ်မံထည့် သွင်း၍ ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ကာကွယ်ဆေးများ ဝယ်ယူရရှိရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးများအား စက်တင်ဘာလတွင် ၁၀ သန်း၊ အောက်တိုဘာလတွင် ၁၀ သန်းနှင့် နိုဝင်ဘာလတွင် ၄ သန်းရောက်ရှိလာမည့် အခြေအနေများ၊ အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကာကွယ်ဆေး၊ ဆေးပစ္စည်း များသာမက လူသားချင်းစာနာထောက်ထားမှုအကူအညီများ လှူဒါန်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ပြည်တွင်း၌တွင် Ready to Full စနစ်ဖြင့် ထုတ်လုပ်ဖြန့်ချီနိုင်ရေး ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေ များ၊ Relief Flight များ ပြေးဆွဲ၍ ပြည်ပရောက် 

မြန်မာနိုင်ငံသားများအား ခေါ်ယူဆောင်ရွက်နေမှု ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး၊ ထိန်းချုပ်ရေး ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း လေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များ မှ တစ်ဆင့် တင်သွင်းလျက်ရှိသည့်အခြေအနေများ၊ ဝင်ရောက်လာသည့် ဆေးနှင့် ဆေးပစ္စည်းများအား လျင်မြန်စွာ ထုတ်ယူခွင့်ရရှိရေး ဆောင်ရွက်ပေးနေမှု၊ FDA ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုထားသည့် ဆေးနှင့် ဆေးပစ္စည်းများအား လျင်မြန်စွာ ထုတ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိသည့်အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သည့် သတင်း၊ သီချင်း၊ အသိပညာပေး အစီအစဉ်များအား မြန်မာ ဘာသာဖြင့်သာမက တိုင်းရင်းသားဘာသာ များဖြင့်ပါ ထုတ်လွှင့်ပေးနေမှု အခြေအနေများ၊ ရုပ်သံများတွင်သာမက ပြည်သူလူထုအား ကျယ်ပြန့်စွာသိရှိရေး အသိပေး နှိုးဆော်ချက်များအား ရပ်ကွက်များအလိုက် လှည့်လည် ကြေညာဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား များအား ဆေးထိုးနှံနိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ Hot Spot မြို့နယ်များသတ်မှတ်၍ စစ်ဆေးမှု၊ ပိုးတွေ့ရှိမှုနှင့် ကူးစက်မှုနှုန်း လျော့နည်း ကျဆင်းလာမှုအခြေအနေများ၊ ကူးစက်မှုနှုန်းလျှော့ကျခြင်း မရှိသည့် အချို့မြို့နယ်များ၊ ကူးစက်မှုနှုန်း ပိုမိုမြင့်မားလာသည့် မြို့နယ်များအလိုက် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ စာသင်တိုက်များ၊ ဘိုးဘွားရိပ်သာ များနှင့် နေထိုင်မှုများပြားသည့် နေရာများကို စစ်ဆေးဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်ပနိုင်ငံရောက် နိုင်ငံသားများ၏ ပြည်တွင်း ပြန်လည်ဝင်ရောက်မှု၊ စစ်ဆေးတွေ့ရှိမှု၊ ကုသဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရွေ့လျား ဈေးကားများနှင့် လှည့်လည်ရောင်းချပေးနေမှုအခြေအနေများ၊ Relief Flight များဖြင့် နိုင်ငံသားများ၊ ဆေးနှင့်ဆေးပစ္စည်းများအား ပြည်တွင်းသို့ ပြန်လည်ပို့ဆောင် ပေးနိုင်ခဲ့သည့် အခြေအနေများ၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ရထားလမ်း၊ ရေလမ်း၊ လေကြောင်းလိုင်းများ စဉ်ဆက်မပြတ် ပြေးဆွဲ၍ လူနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိသည့်အခြေအနေများ၊ တယ်လီဖုန်း Operator များမှတစ်ဆင့် အသိပညာပေး SMS များ ပေးပို့ခဲ့မှုအခြေအနေများ၊ ဆက်သွယ်မှု ပြတ်တောက်စေရန်အတွက် အကြမ်းဖက်သမားများက တာဝါတိုင်များအား ဖောက်ခွဲ ဖျက်ဆီးခဲ့သည့်အခြေအနေများနှင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်ဆေးရုံများနှင့် တပ်အသီးသီးတွင် ပိုးတွေ့သူများနှင့် သံသယလူနာများအား ကုသဆောင်ရွက်ပေးနေမှုအခြေအနေများ၊ တိုင်းရင်းဆေးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးဆေး ထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများအား ဆောင်ရွက် လျက်ရှိသည့်အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။

         ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ရုံးပိတ်ရက်ရှည် ကာလအတွင်း Stay at Home ၁၁၉ မြို့နယ်အနက်မှ သိသာစွာ ပိုးတွေ့မှု ရာခိုင်နှုန်းမကျဆင်းဘဲ တံ့ရပ်နေသည့် ၆၅ မြို့နယ်တွင် စာရင်းအရ သိသိသာသာကျဆင်းသည့် မြို့နယ် ၉ မြို့နယ်ရှိပြီး တိုးမြင့်လာသည့် မြို့နယ် ၄ မြို့နယ်ရှိကြောင်း၊ ၎င်းမြို့နယ်များတွင် Hot Spot ဧရိယာ၌ မပါဝင်သည့် မြို့နယ် ၁၁ မြို့နယ်ရှိသည်ကို တွေ့ရှိရသည့်အတွက် လိုအပ်သည့် ရောဂါပိုးစစ်ဆေးမှုများကို တိုးမြင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု လုပ်ငန်းများတွင် ကာကွယ်ဆေးများကို  ဖြန့်ဝေပေးပို့ထားသော်လည်း ထိုးနှံရန် ကျန်ရှိသည့် အရေအတွက် များပြားနေသည်ကို တွေ့ရှိရကြောင်း၊ ထပ်မံရောက်ရှိလာ သည့် ကာကွယ်ဆေးများကို လျင်မြန်စွာ ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်သဖြင့်  ဆေးထိုးရန်ကျန်ရှိမှု များပြားသဖြင့် Cold Chain များတွင် သိုလှောင်ရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကာကွယ်ဆေး များအား စနစ်တကျ ထိန်းသိမ်း နိုင်ခြင်းမရှိပါက နိုင်ငံခြားငွေဖြင့် ဝယ်ယူထားရသည့် ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံး နိုင်သဖြင့် ကာကွယ်ဆေးထိုးနှံမှုကို အမြန်ဆုံး ထိုးနှံပြီးစီးအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပေးပို့လိုက်သည့် ကာကွယ်ဆေးများ ကိုလည်း မြို့နယ်များအလိုက် ဦးစားပေးအဆင့်လိုက် ထိုးနှံဆောင်ရွက်ပေးရန်အတွက် လိုအပ်သည်များ ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံ ပြီးစီးသူများကိုလည်း QR Code များဖြင့် မှတ်တမ်းပြုစုရမည်ဖြစ်သဖြင့် စာရင်းဇယား များကို စနစ်တကျ ပြုစုထားရန် လိုအပ်ကြောင်းနှင့် ယခုကာကွယ်ဆေး ထိုးနှံရာတွင် အချို့ဒေသများတွင် မှတ်ပုံတင် မရှိသည်များ၊ မှတ်ပုံတင်ပျောက်ဆုံး လျက်ရှိသူများကို တွေ့ရှိရသဖြင့် ဝန်ကြီးချုပ်များအနေဖြင့် တဖက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုစာရင်းဇယား မှန်ကန်စေရေးနှင့်တဖက်၌လည်း ပန်းခင်းစီမံချက်ကို အထောက် အကူပြုစေရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုးနှံသည့်အဖွဲ့၌ ပန်းခင်းစီမံချက် လုပ်ငန်းမှ တာဝန်ရှိသူအချို့ပါ ထည့်သွင်းဖွဲ့စည်းပါက ပန်းခင်းစီမံချက် စောလျင်စွာ ပြီးစီးရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဝန်ကြီးချုပ်များက လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ကြပ်မတ်ဆောင်ရွက် ပေးရန် မှာကြားလိုပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် ပုဂ္ဂလိကအသင်းအဖွဲ့များကပါ ပူးပေါင်းဆောင်ရွက် လျက်ရှိသော်လည်း ဆေးထိုးနှံ ပေးမည့်သူများမှာ သက်မှတ်ချက်နှင့် ကိုက်ညီသည့် ကျန်းမာရေးဝန်ထမ်းများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း၊ ကာကွယ်ဆေးထိုး သည့် အရေအတွက်စာရင်းဇယား တိကျမှန်ကန်မှုရှိစေရေးအတွက်လည်း ကာကွယ် ဆေးထိုးသည့် ပုဂ္ဂလိကအသင်းအဖွဲ့ တာဝန်ရှိသူများမှ စာရင်းဇယားများ စနစ်တကျရေးသွင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူရသည့် လူနာများ လျော့ကျလာသည်ကို တွေ့ရှိရသော်လည်း သက်ဆိုင်ရာ ဆေးရုံများတွင် အခြားရောဂါများနှင့် ကိုဗစ်-၁၉ ရောဂါတို့အတွက် အရေးပေါ်ကုသရေး အခန်းများသီးခြားပြင်ဆင်မှုများကို ပြင်ဆင် ထားရန်လိုပြီး အချိန်မရွေးကုသပေးနိုင်အောင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား ချိန်တွင် ဆောင်ရွက်ခဲ့သော ကုသရေးစင်တာများကို ကူးစက်မှုနှုန်း လျော့ကျလာချိန်တွင် အချို့နေရာများ၌ ပြန်လည်ရုပ်သိမ်းမှုများ ဆောင်ရွက်လျက်ရှိရာတွင် ပြင်ဆင်ထားရှိသည့် အဆောက်အဦများအလိုက် ဆက်စပ် ပစ္စည်းကိရိယာများကို စနစ်တကျသိမ်းဆည်း၍ လိုအပ်လာပါက ချက်ချင်း အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၈ ရာခိုင်နှုန်းခန့်သာရှိသော်လည်း ရှေ့ဆက်ဖြစ်လာနိုင်သည်များကို ကြိုတင်မျှော်တွေးကာ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ နေ့စဉ် မျက်ခြည်မပြတ်ကြည့်ရှုစစ်ဆေးကာ ဖြစ်ပေါ်လာသည့်အခြေအနေများကို အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ဗဟိုကော်မတီများသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်တင်ပြ၍ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပညာပေးလုပ်ငန်းများကို မျက်ခြည်မပြတ် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။