news
နေပြည်တော်၊ မတ် - ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နယ်မြေခံတပ်မဌာနချုပ်အတွင်းရှိ ရုံးတစ်ရုံးပေါ်သို့ ယနေ့ညနေပိုင်းတွင် ဒေသန္တရလက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
နေပြည်တော် ၊ မတ် - ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ဧရာ၀တီလမ်း၊ အိမ်အမှတ်၊(၃/၁၄)နေ ယခင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် စီမံကိန်း ဝန်ကြီးဟောင်း ဦးစိုးညွှန့်လွင် (ဘ)ဦးမောင်ဆန်း အသက် (၅၀)နှစ်ကို တောင်ကြီးမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ထွန်းက နိုင်ငံတော်အစိုးရနှင့် ငြိမ်ဝမ်ပိပြားရေး ထိခိုက်စေသော ပြစ်မှုကို ကျူးလွန်ခဲ့သဖြင့် ဥပဒေအရ အရေးယူပေးပါရန် တောင်ကြီး မြို့နယ်၊ တရားရုံးသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ပြီး တောင်ကြီး မြို့နယ် တရားရုံးမှ အမှုကြီးအမှတ်၊ (၁၄၉/၂၀၂၁)၊ ရာဇသတ်ကြီး ပုဒ်မ၊ ၅၀၅ (ခ)ဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အမှုဖွင့်ထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော်၊ မတ် - ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မလေးရှားနိုင်ငံမှ ရေကြောင်း ခရီးဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင်ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ COVID-19 ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိသည့် Quarantine Center တွင်ထားရှိပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်၊ မတ် - ၆
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်၊ မတ် - ၆
တိုင်းဒေသကြီးနှင့် မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များ ခန့်အပ်ထားရှိမှုအပေါ် ကျေနပ်မှုမရှိသည်ကို အကြောင်းပြ၍ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများအား ဖိအားပေးခြင်း၊ စီမံအုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုဖွဲ့ပြီး ရမ်းကားဆန္ဒပြခြင်း၊ စီမံအုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်များဖြုတ်ချခြင်း၊ အဖျက်အမှောင့် စာများရေးသား၍ ရုံးရှေ့တွင် ချိန်ဆွဲခြင်း၊ သစ်သားချောင်းများဖြင့်ရိုက်ပိတ်ခြင်း၊ ရုံးအဝင်တံခါး များအား သော့ခတ်ခြင်း၊ တံခါးများအား သံချောင်းများဖြင့် ဂဟေဆော်ပိတ်ခြင်းများအား မင်းမဲ့စရိုက်ဆန်ဆန် ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော် ၊ မတ် - ၆
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အများပြည်သူတို့၏ လုံခြုံရေးနှင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးတို့အတွက် နယ်မြေခံတပ်မတော်သားများ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်၊ မတ် - ၆
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
နေပြည်တော်၊ မတ် - ၆
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၅၁၆၈၉ ဦး၊ အတွင်းလူနာ ၃၅၁၄ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။
နေပြည်တော်၊ မတ် -၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့်လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန် များနှင့် သူနာပြုများ လာရောက်ကုသပေးနိုင်ပါရန် အကူအညီ တောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့်ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


















