ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသန်းဝင်း ၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့်

Wednesday, December 1, 2021 - 15:45

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသန်းဝင်း ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

နေပြည်တော် ဒီဇင်ဘာလ(  ၁    )ရက်

          ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၏ ဆောင်ရွက်ချက် များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ  လိုအပ်သလိုစုံစမ်းစစ်ဆေးအရေးယူ နိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။

          စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် ၂၀၂၀ ပြည့်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည့်အချိန်တွင် ဒေသခံပြည်သူလူထု ထောက်ခံမှု ရရှိစေရန်အတွက် ကျေးလက်လမ်းဖွံဖြိုးရေး ဦးစီးဌာန၏ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင်(၈၅/၀)မှ ကြာပင်ကျေးရွာသို့ ဆက်သွယ် ထားသောလမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းတွင် ငွေလုံးငွေရင်း ရန်ပုံငွေ လျာထား သတ်မှတ်မှုမရှိဘဲ လမ်းဦးစီးဌာန ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၃၆၈ သန်းဖြင့် လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်းတွင် မုံရွာ-ယာကြီး-ကလေးဝလမ်းကို ငွေလုံးငွေရင်းရန်ပုံငွေ လျာထားသတ်မှတ်မှုမရှိဘဲ လမ်းဦးစီးဌာန ပြင်ဆင် ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၁၉၄.၄၃ သန်း ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ရာတွင် ထိုစဉ်က လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး (ယခုအမြဲတမ်းအတွင်းဝန်) က ပြည်ထောင်စု အထူး ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေမှ အသုံးပြုဆောင်ရွက်ပေးခဲ့ခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ငွေလုံးငွေရင်းရန်ပုံငွေမှ လျာထားခွင့်ပြုချက်မရှိဘဲ မင်းကင်းမြို့နယ်တွင် ကျောက်အိုးတံတား အသစ်ကို ၎င်း၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း တည်ဆောက်ခဲ့ရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားဦးစီးဌာန၏ ပြင်ဆင် ထိန်းသိမ်းရေး ရန်ပုံငွေမှ ငွေကျပ်သိန်း ၁၂၀၀ ဖြင့် အသုံးပြုဆောင်ရွက်ပေးခဲ့ခြင်းတို့သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အမိန်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၁၇ ဖြင့်ထုတ်ပြန် ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း အပိုဒ် ၄၆ နှင့် အပိုဒ် ၁၂၃ တို့ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်းဖြစ်ကြောင်း ၊   ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်စဉ် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော် ထံသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီခရိုင်ရုံး ဆောက်လုပ်ရန်အတွက် အကြောင်းပြကာ အလှူငွေကျပ် သိန်း ၃၀ ထည့်ဝင်ရန် တောင်းခံခဲ့ကြောင်း၊ ဦးရဲမင်းဇော်က အဆောက်အဦ အထူးအဖွဲ့ ၁၆ ဖွဲ့ရှိ လက်အောက် ဝန်ထမ်းများထံ အလှူခံခိုင်းခဲ့ပြီး ရရှိသည့် ငွေကျပ် သိန်း ၃၀ ကို ဒုတိယ ဝန်ကြီးဟောင်း ဦးကျော်လင်း ထံသို့ ပေးအပ်စေခဲ့ခြင်းသည် ဦးကျော်လင်း အနေဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍  တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့ခြင်းဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော် အနေဖြင့် ဦးကျော်လင်း မှ တံစိုးလက်ဆောင်ရယူရာတွင် အားပေးကူညီခဲ့ခြင်း ဖြစ်ကြောင်း၊

            ဦးကျော်လင်းသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားပြု ပြည်သူလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည့်အချိန်တွင် မင်းကင်း မြို့နယ်သို့ သွားရောက်သည့် ခရီးစဉ်များ၌ ဘုန်းတော်ကြီးကျောင်းများသို့ ဝင်ရောက်ဖူးမြော်၍ အလှူငွေနှင့်ဆန်အိတ်များ ပေးအပ်လှူဒါန်းရာတွင် ၎င်း၏ညွှန်ကြားချက်အရ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများမှ စီစဉ်ပေးသည့် ဆန်အိတ် ၆၈ အိတ် ကို ထိုက်သင့်သည့်တန်ဖိုးငွေ ပေးချေခြင်းမရှိဘဲ လက်ခံခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊

            ဦးကျော်လင်းသည် ၂၀၂၀ ပြည့်နှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေးတွင် အသုံးပြုရန် အကြောင်းပြ၍ အလှူငွေများကို ၎င်းကိုယ်တိုင်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူ မှတစ်ဆင့် ဆောက်လုပ်ရေး ဝန်ထမ်းများနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများထံမှ စုစုပေါင်း ငွေကျပ် ၃၆၃ သိန်းကျော်ကို လက်ခံ၍ ရွေးကောက်ပွဲစည်းရုံးရေး အတွက် ပါတီအလံ၊ အင်္ကျီ၊ တီရှပ်၊ ဦးထုပ်နှင့် လက်ကမ်းစာစောင်များ ဝယ်ယူရာတွင် အသုံးပြုခဲ့ကြောင်း၊၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လနှင့် စက်တင်ဘာလ အတွင်းတွင် ဆောက်လုပ်ရေး ကုမ္ပဏီ(၂)ခုထံမှ စုစုပေါင်း ငွေကျပ်သိန်း ၆၀၀ ကို ၎င်း၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုး လက်ဆောင်ကို လက်ခံ ရယူခဲ့ခြင်းဖြစ်ကြောင်း၊

            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသန်းဝင်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပဲခူးမြို့ရှောင်လမ်း ပြုပြင် တည်ဆောက်ခြင်း တင်ဒါ Lot.3 နှင့် စပ်လျဉ်း၍ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ရွေးချယ်ထားသည့် အဆိုပြုငွေကျပ် ၁၄၈၁ သန်းကျော် ဖြင့် ကုမ္ပဏီအား ရွေးချယ်ခြင်းမပြုဘဲ ငွေကျပ် ၁၅၁၃ သန်းကျော်ဖြင့် ဒုဝန်ကြီးဟောင်း ဦးကျော်လင်းနှင့် ဆက်စပ်နေသည့်ကုမ္ပဏီ တစ်ခုအား ရွေးချယ်ပေးခဲ့သည့်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေမှ ငွေကျပ် ၃၂ သန်းခန့် ပိုမိုကုန်ကျခဲ့ခြင်းသည် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း၊

          စစ်ဆေးပေါ်ပေါက်ချက်များအရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသန်းဝင်း တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးအောင်မြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော် နှင့် ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ၁-၁၂-၂၀၂၁ ရက်နေ့၌ ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။