ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာနှင့် တန့်ဆည်မြို့နယ်၊ ပေါ်ဦးရပ်ကွက်တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများအား အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲ
နေပြည်တော်၊ ဒီဇင်ဘာ - ၁
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ကလေး သူငယ်များပညာသင်ကြားနေသည့် စာသင်ကျောင်းများကိုပါ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးလျက်ရှိသည်။
ထိုသို့ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းအနီး၌ အကြမ်းဖက်သမားများက လက်လုပ် မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ကျောင်းရှေ့ရှိ လုံခြုံရေးဂိတ်တဲ မျက်နှာကျက်နှင့် အနီးတွင် ရပ်ထားသော ဆိုင်ကယ် ၃ စီးပျက်စီးခဲ့ပြီး လုံခြုံရေးဂိတ်တဲအနီးတွင်ရှိနေသူ ကျေးရွာ အထောက်အကူပြု အဖွဲ့ဝင် ဦးအောင်ဘဟိန်း(၄၅)နှစ် (ဘ)ဦးသန်းရွှေတွင် မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံ သို့ ပို့ဆောင် ဆေးကုသမှု ခံယူ စေလျက်ရှိသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ပေါ်ဦးရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခြံစည်းရိုးအနီး အကြမ်းဖက်သူများက မိုင်းဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် အုတ်နံရံအနည်းငယ် ပဲ့ထွက်ပျက်စီးပြီး အခင်းဖြစ်နေရာအနီးမှ သံပိုက်အပိုင်းအစများ၊ လျှပ်စစ်ဝါယာ ကြိုးများ တပ်ဆင်ထားသည့် ဒီတိုနေတာ အပိုင်းအစများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းများ လုံခြုံရေးနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သမားများအနေဖြင့် လစ်ဟာမှုရှိသည့်နေရာများကို ယခုကဲ့သို့ မိုင်းထောင် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းကာကွယ်တားဆီးရန် လိုအပ်မည်ဖြစ်ပြီး မိမိပတ်ဝန်းကျင်၌ အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုတစ်စုံတစ်ရာတွေ့ရှိပါက လျှို့ဝှက်စွာဆက်သွယ်သတင်းပေးပို့ ခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ် ပါသည်။