အကြမ်းဖက်သူများအနေဖြင့် မြို့နယ်အချို့ရှိ ဆက်သွယ်ရေးတာဝါတိုင်များအား ဖျက်ဆီးမှုများ ပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ ၅
နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်စိတ်တပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ယက်များအား နိုင်ငံတစ်ဝှမ်းလုံး ဖြန့်ကျက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေးတာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေးစိုက်ထူ ဆောင်ရွက် ပေးထားရှိခဲ့သည်ကို အေးချမ်းစွာနေထိုင်လိုခြင်းမရှိဘဲ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူ များက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လာကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့ ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ရာတွင် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရွှေလျှံအနောက်ကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ လယ်ကွင်းအတွင်း၌ စိုက်ထူထားရှိသည့် MYTEL ဆက်သွယ်ရေး တာဝါတိုင်အောက်ခြေရှိ ထိန်းချုပ်ရေးစက်ခန်းအား အမှိုက်များထည့်သွင်းကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါစက်ခန်းအတွင်းရှိ စက်ပစ္စည်းများနှင့် ကေဘယ်လ်ကြိုးများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။