news

စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာ မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်းဆရာမတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့်ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်၊ ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဧပြီ ၇

            စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် “မေတ္တာရိပ်”မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်လာပြီး ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ကျေးရွာအဝင်သို့ရောက်ရှိစဉ် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် ညောင်ငုတ်တိုကျေးရွာ၏ အရှေ့မြောက်ဘက် သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့အား PDF အမည်ခံအကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆေးရုံဝင်းအတွင်းရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဧပြီ ၇

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ ဆေးရုံတို့အား PDF အမည်ခံအကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆေးရုံဝင်းအတွင်းရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ဧပြီလ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကောလင်းမြို့၊ မြောက်အင်း ရပ်ကွက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့အား PDF အမည်ခံအကြမ်းဖက် သမားများက အဆိုပါရုံးတို့၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ ဈေးရုံဗိုလ်တဲရပ်ကွက်ဘက်မှနေ၍ ၄၀ မမဗုံးပစ်လောင်ချာဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ ပေါက်ကွဲမှုများကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာအဆောက်အဦအချို့တွင် ထိခိုက်ပျက်စီးခဲ့ပြီး ဝန်ထမ်းအိမ်ရာအနီး ရောက်ရှိနေသည့် အဆိုပါရပ်ကွက်နေ ဦးထည်ဝါဦး (၂၈)နှစ် (ဘ)ဦးမြင့်အောင်တွင် ယာလက်ဖျံ၊ ယာပေါင်နှင့် ယာခြေသလုံးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

            အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

      ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး  မစ္စတာ ဗီနေးကူးမား ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၇  

 

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ကို ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

            တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ အခြားကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက် သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော်၊ ဧပြီ - ၆

            ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်မှစတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၆

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီ မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၆၉ ဦး၊ အမျိုးသမီး ၁၁၇ ဦး၊ စုစုပေါင်း   ၃၈၆ ဦးတို့ကို လက်ခံခဲ့ကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဧပြီ - ၆

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

နေပြည်တော် ဧပြီ ၆                

ငွေကျပ်သိန်းပေါင်း ၃၀၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင် လာသူများအား ဖမ်းဆီးရမိခဲ့သည့် ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုငွေချီးမြှင့်

နေပြည်တော်၊ ဧပြီ - ၆

          ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ပဲပဒုံပူးပေါင်းစစ်ဆင်ရေးဂိတ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ဧပြီ ၅ ရက်တွင် ယာဉ်အဝင်/ အထွက်များ စစ်ဆေးစဉ် ရန်ကုန်မှ စစ်တွေသို့ ယာဉ်မောင်းဖြစ်သူ ရခိုင်ပြည်နယ်၊ ဘူးသီး တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဇော်မျိုးသန်း(ဘ)ဦးစိန်သန်းနှင့် ယာဉ်နောက် လိုက်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယု (၃)လမ်း၊ အမှတ်(၁၀၅)နေ သိန်းသန်းမြင့်(ဘ)ဦးမြင့်သူ တို့မောင်းနှင်းလာသည့် NISSAN DIESEL (UD) အဖြူ/ အပြာ မော်တော်ယာဉ်အမှတ်၊ 5K/------ အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်၌ အဝတ်အစား (ဘေထုပ်) ပီနံအိတ်(၁၀၀)လုံးခန့် အတွင်းမှ   အဝတ်အစားများဖြင့် ညှပ်၍ စနစ်တကျ ထုတ်ပိုးထားသည့် ခန့်မှန်းကာလ တန်ဖိုး ကျပ်သိန်းပေါင်း ၃၀၀၀၀၀ ကျော်ရှိသော WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား တစ်ထုပ်လျှင် ဆေးပြား ၅၀၀၀၀ ခန့်ပါ အထုပ် ၃၀၀ ထုပ်၊ ဆေးပြား စုစုပေါင်း ၁၅၀ သိန်းအား သိမ်းဆည်းရမိခဲ့သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တွေ့ဆုံဆွေးနွေး

 နေပြည်တော်   ဧပြီ   ၆

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။