နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပင်အား ဦးဆောင် စိုက်ပျိုးပေး
နေပြည်တော် ဩဂုတ် - ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှတပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှဌာန ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့်အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်း သူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
























































































































































