ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ မေလ ၃၀ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ကာ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး
နေပြည်တော်၊ ဇွန် ၁
၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်အနောက်ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၊ အမှတ်(၂၀) ပထမထပ်၌ ကျန်းမာရေးမကောင်းသဖြင့် နေအိမ်အတွင်း Wheel Chair ဖြင့်သွားလာနေရသည့် ဒေါ်ခင်ကြည် (၈၈)နှစ်နှင့် အိမ်အကူဖြစ်သူ ဒေါ်အေးစန်း (၅၀)နှစ်တို့ ၂ ဦးတည်းရှိနေစဉ် မျက်နှာဖုံးများစွပ်ထားသည့် အမျိုးသား ၁၀ ဦးခန့်သည် ဓားဦးချွန်တစ်ချောင်း၊ သံတုတ်တစ်ချောင်း ကိုင်ဆောင်ကာ နေအိမ်အတွင်း ဝင်ရောက်လာပြီး ဒေါ်အေးစန်းအား ကြိုးဖြင့်ချည်နှောင်ကာ ဒေါ်ခင်ကြည်အား ဓားဖြင့်ထောက်၍ ဒေါ်ခင်ကြည်နှင့် ဒေါ်အေးစန်းတို့ ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်း ၄ မျိုး စုစုပေါင်းတန်ဖိုး ၅၁ သိန်းကျပ်ခန့်နှင့် နေအိမ်ဘီရိုအတွင်း သိမ်းဆည်း ထားသည့်ငွေကျပ် ၅ သိန်းတို့အား ဓားပြတိုက်ယူဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။







































































































































































