news
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ အောက်တိုဘာ ၁၆
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ရွှေမြိုင်သာယာကျေးရွာနေ သိန်းဝင်းသည် ၎င်းအသုံးပြုသည့် “Bang Bang” Facebook အကောင့်ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
PDF အမည်ခံအကြမ်းဖက်သမားများက ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ Drone ယာဉ် အသုံးပြု၍ လက်လုပ်ဗုံးများ ရမ်သန်းဖြုတ်ချတိုက်ခိုက်၊ အသက် ၄ နှစ် အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ အောက်တိုဘာ - ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ ယနေ့နံနက် ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ် အသုံးပြု၍ လက်လုပ် ဗုံးများ ရမ်းသန်းဖြုတ်ချ တိုက်ခိုက်ခဲ့ခြင်းကြောင်း အပြစ်မဲ့ပြည်သူ အသက် ၄ နှစ်ရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ ယနေ့နံနက် ၉ နာရီ ခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ် ၁ စီးအသုံးပြု၍ လက်လုပ်ဗုံး ၂ လုံးအား ရမ်းသန်းဖြုတ်ချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက် ခြင်းကြောင့် ဘုန်းကံကျေးရွာအလယ်တန်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲ ခဲ့ပြီး အလျား ၁၂၀ ပေ၊ အနံ ၆၀ ပေရှိ စာသင်ဆောင်၏ မျက်နှာကြက်နှင့် သွပ်မိုးများ ပေါက်ပြဲပျက်စီးခဲ့ပြီး ကျေးရွာတွင် နေထိုင်လျက်ရှိသော အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရကလေး ငယ်အား ဘုန်းကံကျေးရွာ ကျေးလက်ဆေးပေးခန်း၌ လိုအပ်သည့်ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကျေးရွာအတွင်း လက်လုပ်ဗုံးများ ရမ်းသန်းဖြုတ်ချတိုက်ခိုက်ခဲ့ သော PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးရှာဖွေလျက်ရှိကြောင်း သတင်းရရှိ သည်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းမြို့သွား ကားလမ်းတစ်လျှောက် NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့်မိုင်းများအား အများပြည်သူ ဘေးအန္တရာယ်မရှိစေရေး ဖယ်ရှားရှင်းလင်း
နေပြည်တော်၊ အောက်တိုဘာ - ၁၆
NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင် လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက် နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်း ဆက်သွယ်မှုများ လုံခြုံချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။
ထို့သို့ လုပ်ဆောင်လျက်ရှိရာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းမြို့ သွား ကားလမ်းတစ် တစ်လျှောက်၌လည်း အကြမ်းဖက်သမားများက လက်လုပ်မိုင်း များထောင်ထားကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃၀ ရက် နံနက် ၈ နာရီခွဲမှ နေ့လယ် ၁ နာရီခွဲ အထိ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ ကားလမ်းဝဲ/ယာ တစ်လျှောက်မှ ၅ ဂါလံပုံးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်ဆွဲမိုင်း ၂၃ လုံး၊ ပလပ်စတစ်ထမင်းဘူးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရဆွဲမိုင်း ၂ လုံး၊ စနက်တံ ၁၇ ခုနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံရှာဖွေဖော် ထုတ်နိုင်ခဲ့ပြီး အများပြည်သူ အန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။
ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်၌ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်းနှင့် အဆိုပါ ဖာပွန်-ကမမောင်းသွား ကားလမ်းတစ်လျှောက် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံအေးချမ်းတည်ငြိမ်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျိုင်းတုံမြို့ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ ကွန်ကရစ် လူသွားလမ်း ဖောက်လုပ်ပြီးစီးမှုကြည့်ရှု
နေပြည်တော်၊ အောက်တိုဘာ - ၁၅
တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် စေတနာရှင်အလှူရှင်းများမှ စုပေါင်း လှူဒါန်းသော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ ကွန်ကရစ်လူသွားလမ်း ဖောက်လုပ်ပြီးစီးမှု အခြေ အနေများကို ယနေ့နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၁၅
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ လောကာနန္ဒာ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ပြည်နယ်ဩဝါဒစရိယ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိ စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒာသိရီ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နန္ဒာရာမပရိယတ္တိစာသင် တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များနာယူကြည်ညိုကြသည်။ ထို့နောက် မြို့နယ် သံဃနာယကအဖွဲ့တွဲဖက်အကျိုးတော်ဆောင် စစ်တွေမြို့၊ ဒက္ခိဏရာမကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယ က အနုမောဒနာ ဂါထာဖတ်ကြားပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်နယ်ဩဝါဒစရိယ စစ်တွေမြို့၊ ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
နေပြည်တော်၊ အောက်တိုဘာ - ၁၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၃၂၉ ဦး၊ ရခိုင်ပြည်နယ်၊ ပေါက် တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၁၆ ဦး၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၁၇၁၁ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇) ခရိုင်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၆၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များကအားတက်သရောဆောင်ရွက်
နေပြည်တော်၊ အောက်တိုဘာ - ၁၅
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိ ပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ် အရေးကြီးလှပါသည်။ မိမိတို့ တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ Clean city၊ Clean Village များဖြစ် လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိ မြို့ရွာသန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက် ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများသန့်ရှင်းသာယာ လှပရေးကိုအားတက်သရောဆောင်ရွက်လျက်ရှိကြပါသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာ သီရိမြို့နယ်အပါအဝင် မြို့နယ်(၈)မြို့နယ်တို့၌လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့အပါအဝင်မြို့နယ်(၄)မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး မြို့နယ်အပါအဝင် မြို့နယ်(၅)မြို့နယ် တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့အပါအဝင် မြို့နယ်(၃)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အပါအဝင် မြို့နယ်(၇)မြို့နယ်တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အပါအဝင် မြို့နယ်(၁၀)မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄၅)မြို့နယ်တို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အပါအဝင် မြို့နယ် ၈ မြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အပါအဝင် မြို့နယ် ၁၇ မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အပါအဝင် မြို့နယ်(၁၀)မြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့ နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ် များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်း မွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ထာရ်(၁)ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား CDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီး
နေပြည်တော်၊ အောက်တိုဘာ - ၁၅
အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်နှင့် ပြည်သူ လူထု အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံးများ၊ လက်လုပ် မိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များကို အသုံးပြု၍ အများပြည်သူ သွားလာလှုပ်ရှား နေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင်အဆောက်အဦများ၊ အများ ပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီး၊ ပစ်ခတ်၊ တိုက်ခိုက် နှောင့်ယှက် ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၃ နာရီခန့်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ထာရ်(၁)ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား CDF အမည်ခံအကြမ်းဖက်သမားများက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ် တိုက်ခိုက်ပြီး မော်တော်ယာဉ် များအား မီးရှို့ခဲ့သဖြင့် အဆိုပါအနီးတစ်ဝိုက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ် တိုက်ခိုက် မီးရှို့ဖျက်ဆီးမှုကြောင့် မီးသတ်ရုံးအတွင်းရှိ မီးသတ်ယာဉ် ၂ စီး မီးလောင် ပျက်စီး ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့သည့် CDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ နိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း(၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့်မိန့်ခွန်း
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျာ-
ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြားချုပ်ဆိုတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ချုပ်ဆိုခဲ့တာ (၇)နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ယနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး အားလုံး လိုလားတောင့်တနေကြတဲ့ ငြိမ်းချမ်းရေးရဲ့အကျိုးကို ထာဝစဉ် ရှေးရှု ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သ အပ်ပါတယ်။
ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံနဲ့ အဓိကအကျဆုံး ပကတိလိုအပ်ချက်ဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ အတိတ်သမိုင်းအရ ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းတည်ထောင် ထားတဲ့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးဟာ တိုင်းတစ်ပါး လက်အောက်မှာ နှစ်ကာလတစ်ရာကျော်ကြာ ဖြတ်သန်းနေထိုင်ခဲ့ရ ပါတယ်။ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့က ကျွန်တော်တို့ တိုင်းရင်းသား တွေရဲ့ သွေးစည်းညီညွတ်မှု၊ စည်းလုံးခြင်းအင်အားတို့ကို စနစ်တကျ အစီအစဉ်ချကာ သွေးခွဲအုပ်ချုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ တစ်ဦးကိုတစ်ဦး ရန်သူသဖွယ်ထင်မြင်လာအောင် ဆောင်ရွက်ခဲ့ပါတယ်။ မလွှဲသာ၍ လွတ်လပ်ရေးပေးရတော့မယ့်အချိန်အထိ ခွဲခြားအုပ်ချုပ်မှု တွေ၊ သပ်လျှိုသွေးခွဲမှုတွေနဲ့ အချင်းချင်းစည်းလုံးညီညွတ်မှုပြိုကွဲအောင် လုပ်ဆောင်ခဲ့ကြပါတယ်။
မည်သို့ပင်သွေးခွဲစေကာမူ ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ်ကိုအရင်းတည်ပြီး ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ကို တည်ဆောက်ပြီး လွတ်လပ်ရေးကိုပြန်လည်ရယူခဲ့ကြပါတယ်။ သို့သော်လည်း နယ်ချဲ့တို့ရဲ့ သွေးခွဲသပ်လျှိုမှုအကျိုးဆက်က ယနေ့တိုင်ထင်ကျန်နေဆဲ ဖြစ်သလို လွတ်လပ်ရေးရပြီးခေတ်အဆက်ဆက်မှာလည်း မြန်မာနိုင်ငံကို လွှမ်းမိုးနိုင်ရေး နည်းမျိုးစုံနဲ့ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်း မတည်ငြိမ်တဲ့နယ်မြေတွေ ရှိနေရခြင်းဟာလည်း နယ်ချဲ့တို့ရဲ့ သွေးထိုးလှုံ့ဆော်မှုအရှိန်နဲ့ နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီအရှိန်၊ ဒီအမွေဆိုးတွေကို ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေ ဖြေရှင်းနေတာ နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်ပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-
ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှု တွေတိုင်းမှာ NCA နဲ့ပတ်သက်ပြီး အမြဲထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီလိုထည့်သွင်းပြောကြားရခြင်းဟာ NCA စာချုပ်သည် ကျွန်တော်တို့ နိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အဓိကအကျဆုံး အခြေခံလုပ်ဆောင်ရမယ့်အချက်ဖြစ်လို့ပဲ ဖြစ်ပါတယ်။ NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲတာ မဟုတ်ဘဲ ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုတွေဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကနဦးအဆိုပြုချက်တွေအပေါ်မှာ အခြေခံပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ဆွေးနွေးညှိနှိုင်းသဘောတူရေးဆွဲထားတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာရှိ နိုင်ငံအချို့နဲ့ အဖွဲ့အစည်း အသီးသီးတို့က အသိအမှတ်ပြု ပါဝင်လက်မှတ်ရေးထိုးထားတဲ့ စာချုပ် ဖြစ်ပါတယ်။ ဒီလို ခိုင်မာအတည်ပြုပြီးသား လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်မှသာ ကျွန်တော်တို့အားလုံးမျှော်မှန်းထားတဲ့ အေးချမ်း သာယာတဲ့ နိုင်ငံတော်ကြီးကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေဟာ ပြည်ပ စွက်ဖက်မှု ကင်းစင်စွာဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ အောင်မြင်မှုရရှိမှာပဲ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပက မြန်မာ့ငြိမ်းချမ်းရေးအကျိုးကို မလိုလားသူတွေရှိနေသရွေ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု တွေဟာ ထင်သလောက်ခရီးပေါက်မှာမဟုတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်း ဝေဖန်အပုတ်ချနေမှုတွေအပေါ်မှာ နားယောင်ဖို့ မလိုကြောင်း ကျွန်တော်တို့ညီအစ်ကိုတွေ သတိပြုမိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။








