နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုသော ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (United Nationalities Democracy Party) တို့သည် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။
ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရလျှောက်ထားသော ပါတီ ၁၇ ပါတီဖြစ်၍ စုစုပေါင်း ၂၃ ပါတီ ဖြစ်ပါသည်။ ယင်း ၂၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၁၈ ပါတီဖြစ်ပြီး၊ အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။