(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်
နေပြည်တော်၊ အောက်တိုဘာ - ၁၈
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကို ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲ ကျင်းပ ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူ များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အထောက်အကူပြုအဖွဲ့များ၊ အကဲဖြတ် ပညာရှင်ကြီးများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက်ကြသည်။
ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ တော်၏တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတော်၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက် ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုရေးရာကိစ္စရပ်များ အပါအဝင် အဘက်ဘက်တွင် လစ်ဟာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက် ၍လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ် အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို ဦးတည်ချက်ချမှတ်ပြီး နိုင်ငံတော်ကို အေးချမ်းသာယာခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ကျင်းပခဲ့ရာမှ မကျင်းပခဲ့ သည်မှာ ကြာပြီဖြစ်သည့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ ဖော်ထုတ်ထိန်းသိမ်း ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံ ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ နိုးကြားတက်ကြွစေပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပေးနိုင်ရန် ရည်ရွယ်ကျင်းပ ခဲ့ခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံအေးချမ်းသာယာရန်၊ ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံ၏သဘာဝ သယံဇာတများကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ တိုင်းပြည်၏ သမိုင်းကြောင်းရှည်လျား သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများ အရှည် တည်တံ့စေရန်အတွက် ဆိုရာတွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ဖြစ်သည့် နိုင်ငံသားအားလုံးက တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြရမည့်ကိစ္စ ဖြစ်ပါကြောင်း။
နိုင်ငံသားကြီးငယ်မဟူ ကျား/မ မရွေး အသိပညာရှင်၊ အတတ်ပညာရှင်များ ၏ သိမြင်နှံ့စပ်မှု၊ ကျွမ်းကျင်တတ်မြောက်မှု၊ အတွေ့အကြုံရင့်ကျက်မှုများနှင့် စိတ်ရင်း စေတနာများသည် အခြေခံကျသည့် အရင်းအမြစ်များပင်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ သမိုင်းအဆက်ဆက်တွင် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသည့် ဓမ္မ ဓိဋ္ဌာန်ကျသည့် အမြင် အသိကသာ လက်တွေ့ကျပြီး အမှန်ကန်ဆုံးဖြစ်သည့်အတွက် နိုင်ငံနှင့် လူမျိုးအကျိုးကိုတိုးတက်မြင့်မားအောင် အားလုံးက ကြိုးပမ်းစွမ်းဆောင်သွား ကြရမည် ဖြစ်ပါကြောင်း။
မိမိတို့ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ရိုးရာဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုအနုသုခုမများကလည်း ကွဲပြားခြားနားများပြား လှပါကြောင်း၊ အထောက်အထားများအရ မိမိတို့နိုင်ငံ၏ သမိုင်းဖြစ်စဉ်များတွင် လူသားမျိုးနွယ်စတင်ခဲ့မှုနှင့်အတူ ရေမြေဒေသသဘာဝကို လိုက်ပြီး မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အနုသုခုမဆိုင်ရာ အထောက်အထားများ၊ လက်မှုအဆင်တန်ဆာ အသုံးအဆောင်ပစ္စည်းများ၊ အနုသုခုမ အဆို၊ အတီး၊ အကများသည်လည်း တစ်ပါတည်းဆင့်ကဲ ပေါ်ထွန်းလာခဲ့ပြီးဖြစ် ပါကြောင်း။
တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် တိုင်းရင်းသားအသီးသီး၏ ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုသုခုမပညာရပ်များသည် သမိုင်းနှင့်ချီပြီး ကြီးကျယ်ခမ်းနားစွာ တည်ရှိခဲ့ပါကြောင်း၊ အဆိုပါ ရှိခဲ့သည့်စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများနှင့် အစဉ်အလာများကို လျော့နည်းပပျောက်ခြင်း မရှိအောင် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရန်လိုအပ်ပါကြောင်း။
ကွယ်လွန်သူ ဂီတပညာရှင်ကြီး စန္ဒရား ဦးလှထွဋ် ရေးသားပြုစုခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အမျိုးသားစာပေဆု ချီးမြှင့်ခြင်းခံခဲ့ရသည့် “မြန်မာ့ဂီတ ရေစီးကြောင်း” စာအုပ်၌ ကမ္ဘာမှာရော မြန်မာမှာပါ Classic ဟုခေါ်သည့် ဂန္ထဝင်ဂီတပေါ်ထွန်းခဲ့သည့် ခေတ်တစ်ခေတ် ရှိသည်ဟု ဖော်ပြထားပါကြောင်း၊ အဆိုပါခေတ်မှာ ၁၈ ရာစုနှစ် အစောပိုင်း ကာလ၊ ဒုတိယအင်းဝဟု သတ်မှတ်သည့် ညောင်ရမ်းခေတ် ၁၇၁၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင် စာဆိုတော်ဝန်ကြီး ပဒေသရာဇာက “ထံတျာတေရှင်” အစချီကြိုး သီချင်းများ၊ တျာခြင်းများ ရေးသားပြုစုနေချိန်၌ ဂျာမနီက ဂီတပညာရှင်ကြီးဘာ့(ခ်) (၁၆၈၅-၁၇၅၉) က God is My King အမည်ရှိ တေးဘွဲ့ကြီးကို သီကုံးနေချိန်ဖြစ်ပါ ကြောင်း။
၁၇၂၅ ခုနှစ်ဝန်းကျင်တွင် ဆီသည်ရွာစားဦးအောင်ကြီးက “အင်းဝမြို့ဘွဲ့ ၁၂ ရာသီ လူးတား” စပ်ဆိုနေချိန်၌ အင်္ဂလန်က ဂီတပညာရှင်ကြီးဟင်ဒယ်လ်က သိမ်းမြစ်တွင် ဘုရင်ရေဆင်းပွဲသဘင်ကျင်းပသည့် “ရေဇလာဂီတ” Water Music ကို သီကုံးနေပါကြောင်း။
၁၇၈၀ ပြည့်နှစ်ခန့်တွင် ဂျာမန်ဂီတပညာရှင် မိုးဇက်က Magic Flute “မှော်ပလွေ” အော်ပရာကို ရေးသားချိန်၌ လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံက “မဲဇာတောင်ခြေ” ရတုကြီးကို ရေးသားနေခဲ့ပါကြောင်း၊ ၁၉ ရာစု အစောပိုင်းဖြစ်သည့် ၁၈၀၀ ပြည့်နှစ်လွန်အချိန်များတွင် ဂျာမန်ဂီတပညာရှင် ဘေသိုဗင်ကနပိုလီယန် စစ်ချီ တက်ပုံကို ရေးဖွဲ့သည့် “ရဲစိတ်ရဲမာန်” တေးဘွဲ့ကြီးကို ရေးနေချိန်တွင် မြဝတီမင်းကြီး ဦးစက “သာဆန်းရဂုံဘွေ” ပတ်ပျိုးကြီးကို ရေးဖွဲ့နေပါကြောင်း။
၁၈၄၀ ပြည့်နှစ်ကာလများက ပိုလန်စန္ဒရားပညာရှင် “ရှိုပင်”က “ညဉ့်ယံ တေးများ” ဆိုသည့် တေးဘွဲ့ကိုရေးစပ်နေချိန်တွင် အနောက်နန်း မိဖုရားမမြလေးက “ချစ်သမျှကို” ဂန္ထဝင်ပတ်ပျိုးကြီးကို ရေးသားနေချိန် ဖြစ်သည်ဟု မှတ်တမ်းများအရ သိရှိထားပါကြောင်း။
ဆိုလိုရင်းမှာ ကမ္ဘာတွင် ဂန္ထဝင်အနုပညာ၊ ဂန္ထဝင်ဂီတ ဟူ၍ ပေါ်ပေါက်ပြီး ယနေ့ထိတိုင်ခိုင်မြဲနေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ၎င်းတို့နှင့်ခေတ်ပြိုင် ဂန္ထဝင် အနုပညာ၊ ဂန္ထဝင်စာပေ၊ ဂန္ထဝင်ဂီတဆိုသည်များ ပေါ်ပေါက်ခဲ့ကာ ရှေးနှစ်ပေါင်း များစွာမှ ယနေ့ထက်တိုင် ခိုင်မြဲစွာတည်ရှိနေဆဲဖြစ်သည်ကို တင်ပြလိုခြင်းဖြစ်ပါ ကြောင်း။
အထက်တွင်တင်ပြခဲ့သည့် ဂန္ထဝင်အနုပညာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် ၅ နှစ်ကျော် နီးပါး ရပ်တန့်ခဲ့ရသည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ပြန်လည်ကျင်းပနိုင်ရေးအတွက် ရှုထောင့် ပေါင်းစုံက စဉ်းစားခဲ့ကြ ရပါကြောင်း။
အထူးသဖြင့် တစ်ဖက်တွင် နိုင်ငံနှင့်တစ်ဝန်း၊ ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်ကြုံ တွေ့နေကြရသည့် ကိုဗစ်-၁၉ ရောဂါ၏ ပိုးတွေ့ရှိမှုနှုန်းသည် သတိထားနေရဆဲ အခြေ အနေတစ်ရပ်တွင် ရှိနေသေးသော်လည်း အခြေအနေအချိန်အခါအရ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို လုပ်သင့်သည့်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သတိထားပြီး ကြိုတင် ကာကွယ်မှုများနှင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း။