နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် အောက်တိုဘာ ၅
အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာသီတာဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးသောင်းဟန်၊ ဦးမျိုးမြင့်ဦးနှင့် ဦးရွှေလေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး အမျိုးသားမြေအသုံး ချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့အစည်း အဝေးသည် အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် ခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြေအသုံးချမှု မူဝါဒနှင့် သက်ဆိုင်သော ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဖွဲ့စည်း ခဲ့သည့် “အမျိုးသားမြေ အသုံးချမှုကောင်စီ” ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပြီး ယခင် ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ၊ ကောင်စီ၏ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် (၂၆၁၂၂၈) စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး အရှေ့တောင်အာရှဒေသအတွင်း ဧရိယာအကျယ်အဝန်း ဒုတိယအကျယ်ဆုံးဖြစ်ကြောင်း၊ မြေသယံဇာတနှင့်ရေသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအတွက် သင့်လျော်ကောင်းမွန်သည့် ရာသီဥတုအခြေအနေနှင့် ပြည့်စုံသည့် နိုင်ငံဖြစ်ကြောင်း။
မြေသယံဇာတအရင်းအမြစ်များသည် လူသားများ၊ လူမှုအသိုင်းအဝိုင်းများဖြစ်တည်မှု အတွက် မရှိမဖြစ်လိုအပ်သည့်အခြေခံအကျဆုံး သဘာဝသယံဇာတအရင်းအမြစ်များ ဖြစ်သော်လည်း အခြားသယံဇာတ အရင်းအမြစ်များနှင့်မတူသည့်အချက်မှာ တိုးပွားအောင် လုပ်၍မရဘဲ အကန့်အသတ်ရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သည် ဆိုသည် ကို သတိပြုရမည်ဖြစ်ကြောင်း။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေတိုးပွား လာမှုနှင့် မြေဆီလွှာယိုယွင်းပျက်စီးမှု တို့ကြောင် ၂၀၂၀ ခုနှစ်တွင် လူတစ်ဦး စိုက်ပျိုးလုပ်ကိုင် နိုင်သည့် မြေဧရိယာ ၀ ဒဿမ ၁၈ ဟက်တာခန့်သာ ရှိကြောင်း၊ အဆိုပါအခြေအနေကို ၁၉၆၀ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ထက်ဝက်ခန့်ကျဆင်းလာသည်ကို တွေ့ရမည်ဖြစ်ပြီး ၂၀၅၀ ခုနှစ်တွင် လက်ရှိထက် ထက်ဝက်ခန့်ထပ်မံကျဆင်းသွားမည်ဟု ခန့်မှန်းထားကြောင်း။
မြေသယံဇာတအရင်းအမြစ်များသည် လူသားများအတွက် အခြေခံအကျဆုံးသဘာဝ သယံဇာတအရင်းအမြစ်များဖြစ်ပြီး စားနပ်ရိက္ခာ၊ သန့်ရှင်းသောရေနှင့် ဇီဝမျိုးစုံမျိုးကွဲများ အပါအဝင်အခြားဂေဟစနစ် ဝန်ဆောင်မှုများကို မြေသယံဇာတအရင်းအမြစ်များက ထောက် ပံ့ပေးနေခြင်းဖြစ်ကြောင်း၊ မြေသယံဇာတ အရင်းအမြစ်များသည် လူသားများအတွက် အခြေခံအကျဆုံး သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သော်လည်း ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် မှန်လုံအိမ် ဓာတ်ငွေ့များထုတ်လွှတ်နိုင်သည့် အရင်းအမြစ်များလည်း ဖြစ်ကြောင်း။
Intergovernmental Panel on Climate Change- IPCC အစီရင်ခံစာအရ ၂၀၀၇ခုနှစ်မှ ၂၀၁၆ခုနှစ်အတွင်း စိုက်ပျိုးရေး၊ သစ်တောနှင့် အခြားမြေအသုံးချမှု ပြောင်းလဲခြင်းကဏ္ဍမှ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်း ထုတ်လွှတ်ခဲ့သည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲလာခြင်း၏ ရိုက်ခတ်မှုဖြစ်သော ၂၀၀၈ ခုနှစ် သမိုင်းဝင် နာဂစ်မုန်တိုင်းအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းများ၌ နေ့စဉ်နှင့် နီးပါးအမျှ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံအနှံ့ အပြားရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အယ်လ်နီညို/ လာနီညာကဲ့သို့ အပူချိန်လွန်ကဲမှုနှင့် အအေးလှိုင်းဖြတ်သန်း ခံရခြင်းအစရှိသည့် ပြင်းထန်သော မိုးလေဝသဖြစ်စဉ်များကို နှစ်စဉ်ပိုမိုပြင်းထန်စွာ ခံစားလာနေရမှုနှင့် လူမှုစီးပွား ပျက်စီးဆုံးရှုံးရမှုများလည်း ကြုံတွေ့ဆဲ၊ ကြုံတွေ့လတ္တံ့ ဖြစ်ကြောင်း၊ ယခုကဲ့သို့သော သဘာဝလွန်ဘေး အန္တရာယ် များကြောင့် မိမိတို့နိုင်ငံသည် ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိခိုက်ခံစား လွယ်သည့် နိုင်ငံများအနက်တတိယအဆင့်တွင် ရပ်တည်နေခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတု ပြောင်းလဲမှုလျှော့ချနိုင်ရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး အတွက် မြေသယံဇာတအရင်းအမြစ်များကို စနစ်တကျစီမံ ခန့်ခွဲရန်လိုအပ်ကြောင်း။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက Agenda 2030 ဖြစ်သည့် ဖွံ့ဖြိုးမှုစီမံချက်ကို သဘောတူညီ လက်ခံခဲ့ကြောင်း၊ အဆိုပါ Agenda 2030တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်(၁၇)ခု ပါဝင်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်အများစုသည် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်နွယ်နေပြီး ရည်မှန်းချက်အမှတ်စဉ် ၁၅သည် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုရေး၊ သစ်တောများ ရေရှည်တည်တံ့စေရန် စီမံ ခန့်ခွဲရေး နှင့် သဲကန္တာရဖြစ်ထွန်းမှု ပပျောက်စေရေး၊ မြေယာပြုန်းတီးယိုယွင်း ပျက်စီးမှု ရပ်တန့် စေရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပြုန်းတီးမှု ရပ်တန့်စေရေးတို့ဖြစ်ပြီး မြေယာစီမံ ခန့်ခွဲမှုနှင့် အဓိကသက်ဆိုင်နေသည်ကို တွေ့ရ မည်ဖြစ်ကြောင်း။
ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(၂၀၁၈-၂၀၃၀ခုနှစ်)၏ မဟာဗျူဟာရည်မှန်းချက် ၅ အပိုဒ်ခွဲ ၅ တွင် သဘာဝအရင်း အမြစ်များ၏ အကျိုးအမြတ်များကို ပြည်သူအားလုံးရရှိခံစားစေရေးအတွက် မြေယာစီမံ ခန့်ခွဲမှုနှင့် သယံဇာတအခြေပြုလုပ်ငန်းများ၏ ရေရှည်တည်တံ့သည့် စီမံခန့်ခွဲမှုတို့ကို တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ရန်ဖော်ပြထားကြောင်း။