မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေနှင့် ကျိုက်ထိုမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ဟိုပုံးမြို့နယ်တို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၁၁
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန် နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်ဝန်းကျင်တွင် ၈ ရက်နေ့ တွင် နေရာကျဲကျဲ၊ ၉ ရက်နေ့တွင် နေရာစိပ်စိပ်၊ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ယနေ့တွင် မိုးရေချိန် အနည်းဆုံး ၀ ဒသမ ၆၇ လက်မမှ အများဆုံး ၄ ဒသမ ၂၁ လက်မ အထိရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများအဆက်မပြတ် မြင့်တက် လျက်ရှိသည်။















































































