news

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ စက်တင်ဘာ ၁၄

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ အိုးဘိုကျေးရွာနေ နန္ဒဇော်ထိုက်ဝင်းသည် ၎င်းအသုံးပြုသည့် “Nanda Zaw Htike Win” Facebook အကောင့်၊ ညောင်ဦးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ပြည့်ဖြိုးကျော်(ခ)ဆိတ်ထွားသည် ၎င်းအသုံးပြုသည့် “Pyai Phyo Kyaw” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ သာယာကုန်းရှမ်းကျေးရွာနေ နေလင်းသည် ၎င်းအသုံးပြုသည့် “Nay Linn” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင် ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ ရပါသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၄

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။

 ယနေ့နံနက်ပိုင်းတွင်လည်း မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမတို့၌ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနားများကို ပြုလုပ် ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ  တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မကွေးတိုင်း ဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁၄ ဦးနှင့် ပဲခူးတိုင်း ဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

ကချင်ပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ပြည်နယ်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၄

          ကချင်ပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ပြည်နယ်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် မြစ်ကြီးနား မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများ၊ လချိဒ်တိုင်းရင်းသား ရိုးရာအကအဖွဲ့နှင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟို)အဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် မွန်တိုင်းရင်းသားရိုးရာအက အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၂၂ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်တိုင်းစစ် ဌာန ချုပ် ကိုယ်စားပြု သေနတ်ပစ်အားကစားအသင်းအား အောင်နိုင်ရေးအလံပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၄

          ၂၀၂၂ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အားကစားအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ နယ်မြေခံ သင်တန်းကျောင်း၊ ရေဆင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိ သူများ၊ တပ်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့မှူးများနှင့် ပြိုပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု သေနတ်ပစ်အားကစားအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် တိုင်းမှူးက အမှာစကားပြောကြားပြီး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ၎င်းနောက် တိုင်းမှူးက တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး နေ့လည်စာအတူတကွသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(တိုင်းအဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၄

          ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလုံမြို့နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သဘင်ဆောင်၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီနာယက၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင်အဆင့် အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးဌေးအောင်က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့မှု Video Clip ဖြင့် ပြသသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုတေးဖြစ်သော သက်ဝင်လှုပ်ရှားကြယ်ပွင့်လေးများ တေးသီးချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဆုရရှိကြသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် Mask များ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၄

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတို့၌ ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် Mask များ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာကျောင်းခန်းမတို့၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားများအသီးသီးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် Mask များ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက အသီးသီးလက်ခံရယူ ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းဆောင် သစ်များ တိုးချဲ့ဆောက်လုပ်နေမှုများကို သွားရောက်ကြည့်ရှု၍ ကျောင်းအုပ်ကြီးများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

မဟာအောင်မြေမြို့နယ်၊ မနိရတနာရာမမြတောင်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်၊ ထရန်စဖော်မာတပ်ဆင်ရန်အတွက်  အလှူငွေ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၄

          မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မနိရတနာရာမမြတောင် ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ထရန်စဖော်မာအတွက်  အလှူငွေ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ရှိ ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ မနိရတနာရာမမြတောင်ကျောင်းတိုက် သာယာဝင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသာဂရာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မနိရတနာရာမမြတောင်ကျောင်းတိုက် သာယာဝင်းကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များကို နာယူကြပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ထရန်စဖော်မာ တပ်ဆင် ရန်အတွက် အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေးအပ် လှူဒါန်းရာ မနိရတနာရာမမြတောင်ကျောင်းတိုက်၊ မဏီစလ လူမှု၊ နာမှု၊ ကူညီရေး အသင်း(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးသည်။

          ၎င်းနောက် မနိရတနာရာမမြတောင်ကျောင်းတိုက် သာယာဝင်းကျောင်းဆရာတော် ထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစု ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲတွင် မန္တလေးတပ်နယ် အသင်းက ဒိုင်းဆုရရှိ

နေပြည်တော်၊ စက်တင်ဘာ -၁၄

          အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ခဲ့ပြီး ဒိုင်းဆုအား မန္တလေးတပ်နယ်အသင်းက ရရှိသွားကြောင်း သိရှိရသည်။

အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်၍ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသော အသင်းများ၊ တစ်ဦးချင်းဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသည့် မန္တလေးတပ်နယ် အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်၊ စက်တင်ဘာ - ၁၄

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၌ ဒေသခံပြည်သူ ၂၅၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၁၁၁၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၃)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၇၁၄ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇) ခရိုင်တို့၌ ဒေသခံပြည်သူ ၁၃၅၀၆ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဒေသခံပြည်သူ ၁၀၈ ဦးတို့ကို  တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။