စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တို့၌ ခရီးသည်မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လုပ်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ခရီးသွားပြည်သူများ သေဆုံး/ဒဏ်ရာရရှိ
နေပြည်တော်၊ ဇူလိုင် ၁၃
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်သည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဘောကျေးရွာ၏အထွက် ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးရှိ ယာဉ် စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှု ခံယူနေစဉ် လမ်း၏ယာဘက် ၄ ပေခန့်အကွာမှ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆည်ကုန်းကျေးရွာနေ မစောဖြူဌေး(၂၆)နှစ် (ဘ) ဦးသိန်းနိုင်တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ခရီးသည် ၇ ဦး တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါး ကုသနိုင်ရေး ရွှေဘိုမြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရသည်။



































































































































































































