မဘိမ်းမြို့နယ်၌ NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ကျောင်းပို့/ ကျောင်းကြို မော်တော်ယာဉ် တစ်စီးအား ရီမုမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက် နေပြည်တော်၊ ဒီဇင်ဘာ - ၂၂

Thursday, December 22, 2022 - 16:15

            နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည့် အပြင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများလုပ်ဆောင်လျက်ရှိသည်။

            ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကချင်ပြည်နယ်၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ငါးအိုး)တွင် တက်ရောက် ပညာသင်ကြားနေသည့် ၁၀ တန်းစာမေးပွဲဖြေဆိုပြီးသော ကျောင်းသား၊ ကျောင်းသူ များအား ကြိုရန်ထွက်ခွာလာသည့် မော်တော်ယာဉ်တစ်စီးအား NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ရီမုမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် ငါးအိုးမြို့မဈေး အနီးသို့အရောက်၌ NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်မျးက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ ကြောင်း၊ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဖြစ်စဉ်နေရာအနီးရှိ အမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သေဆုံးသူ၏ရုပ်အလောင်းအား၎င်း၏ မိသားစုထံသို့ပို့ဆောင်ပေးပြီး ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်ရင်းဆေးပေးခန်းသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက် ရှိကြောင်း သိရှိရသည်။

            အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

 

(သတင်းစာအတွက်သာဖြစ်ပါသည်။)