ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
(၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ ၂၈ ရက်)
ချစ်ခင်လေးစားရပါသောမြန်မာပြည်သူပြည်သားအပေါင်းတို့ခင်ဗျား
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သ အပ်ပါသည်။
ယနေ့သည် အတိတ်ခေတ်မြန်မာ့ဂုဏ်ရည်ကို ပြန်ပြောင်းသတိရ ဂုဏ်ယူကြရမည့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပါသည်။ အနာဂတ် နိုင်ငံတော်ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လိုသည့် အားသစ်အင်သစ်များတိုးပွားလာစေသည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ အမျိုးသားအောင်ပွဲနေ့သည် မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို ဖော်ကျူးပြသနိုင်သည့် နေ့တစ်နေ့လည်း ဖြစ်ပါသည်။
မြန်မာတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် အုပ်ချုပ်နေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့သော် ၁၈၈၅ ခုနှစ် နယ်ချဲ့ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်ခဲ့သည့်အချိန်မှစပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ မြန်မာ့ပညာရေးတို့သည် အောက်တန်းနောက်တန်း ကျရောက်ခဲ့ရပါသည်။ မျိုးချစ်စိတ်နှင့် သူရသတ္တိရှိသူများက ဆန့်ကျင်တိုက်ပွဲများ ဆင်နွှဲကြသော်လည်း နည်းပညာ၊ ခေတ်မီလက်နက်နှင့် အတွေ့အကြုံများ နည်းပါးခြင်း၊ စနစ်တကျစုစည်း ဆောင်ရွက်မှုအားနည်းခြင်းတို့ကြောင့် အောင်မြင်မှု နှင့်အလှမ်းဝေးခဲ့ကြရပါသည်။ ကိုလိုနီနယ်ချဲ့တို့သည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားနှင့် လိုက်လျောညီထွေဖြစ်မည့် ကိုလိုနီပညာရေး စနစ်ကိုစီမံဖန်တီးခဲ့ကြပါသည်။ ဤသို့ဖြင့် မြန်မာ့ပညာရေးနိမ့်ပါးကာ ကျွန်ပညာရေးစနစ်အောက်တွင် မြန်မာတစ်မျိုးသားလုံးဆင်းရဲဒုက္ခ အတိ ရောက်ခဲ့ကြပါသည်။
၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မြန်မာပြည်သူများ အလိုဆန္ဒနှင့်ဆန့်ကျင်ပြီး နယ်ချဲ့အစိုးရက အတင်းအကြပ် ပြဋ္ဌာန်းခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် ( မြန်မာသက္ကရာဇ် ၁၂၈၂ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) တွင် ဆန့်ကျင်ကန့်ကွက်ခဲ့ရာမှ ထိုနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။
ယနေ့သည် အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရန်အတွက် အမျိုးသားပညာရေး လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါသည်။ နိုင်ငံသားတိုင်းသည် မျိုးချစ်စိတ် မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးအတွက် ခိုင်မာသည့်ပညာရေး အခြေခံကောင်းများရှိရန် လိုအပ်ပါသည်။
ယနေ့ခေတ်သည် သတင်းအချက်အလက် နည်းပညာခေတ် ဖြစ်သည့်အလျောက် ပြည်ပနိုင်ငံများမှ ထိုးဖောက်ဝင်ရောက်လာသည့် ယဉ်ကျေးမှုများနှင့် အတွေးအခေါ်များကို နှိုင်းချင့်ဝေဖန်သုံးသပ်ပြီး အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်ရန်၊ ခိုင်မာသည့် အမျိုးသားစိတ်ဓာတ်နှင့် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်လျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှု အခြေခံအုတ်မြစ်များကိုချမှတ်နိုင်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှု များကို အစွမ်းရှိသမျှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ပြုပြင်ပြောင်းလဲမှုများတွင် ပညာရေးပြောင်းလဲမှု များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အမှီပြု လျက်ရှိနေသဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် စီမံဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်း အမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင် ပေးလျက်ရှိ ပါသည်။ မှန်ကန်သော အတွေးအခေါ်၊ ကောင်းမွန်သော အကျင့်စာရိတ္တတို့ဖြင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးပြီး ခေတ်စနစ်၏ လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင် နိုင်သော ပညာရေးစနစ် ဖြစ်ပေါ်ရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက် ပေးကြရန် တိုက်တွန်းမှာကြားလိုပါသည်။
နိုင်ငံတော်၏ နိုင်ငံရေးတည်ငြိမ်မှု၊ အေးချမ်းသာယာမှု၊ စည်းလုံးညီညွတ်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ စားဝတ်နေရေး ဖူလုံမှု၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အစဉ်အလာ ကောင်းများကို ထိန်းသိမ်းစောင့်ရှောက်မှုသည် ပညာရေးမှ လေ့ကျင့်ပျိုးထောင် ပေးလိုက်သည့် မျိုးချစ်စိတ်ကိုအခြေခံသည့် အသိပညာ၊ အတတ်ပညာ များသာ ဖြစ်ပါသည်။
အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာ တို့ကို သင်ယူလေ့ကျင့်ရာတွင် မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီပြီး နိုင်ငံတကာအဆင့်မီစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ အထူးပညာရေးအစီအစဉ်နှင့် လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ် များဖြင့် နိုင်ငံသားတစ်ဦးတစ်ယောက်မကျန် ပညာသင်ယူခွင့် ရရှိရေးကိုလည်း အလေးပေးဆောင်ရွက်လျက်ရှိပါသည်။
တက္ကသိုလ်များတွင် ပညာရပ်ဝန်းကျင်ကောင်းများ ပေါ်ထွန်း ရေးကို ဆောင်ရွက်ပေးပြီး စည်းကမ်းရှိသော မျိုးချစ်စိတ်ရှိသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် စွမ်းရည် ပြည့်ဝနှလုံးလှသည့် ပညာတတ်များ ပေါများလာစေရန် လေ့ကျင့် ပျိုးထောင်ပေးလျက်ရှိပါသည်။ စွမ်းရည်ပြည့်ဝသော ခေတ်ပညာတတ် လူငယ်လူရွယ်များ ပေါ်ထွက်လာရေးအတွက် နိုင်ငံတော်သည် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်နေပါသည်။ ကျောင်းမှန်မှန်တက်၊ စာမှန်မှန်ကျက် စာမေးပွဲအောင်ရုံဖြင့် ပညာတတ် သည်ဟု အပြည့်အဝမဆိုနိုင်ပါ။ အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန် ခွဲခြားနိုင်ပြီး လက်တွေ့နယ်ပယ်တွင် ဉာဏ်နှင့်ယှဉ်ကာ အောင်မြင်အောင် စွမ်းဆောင်နိုင်မှသာ တကယ့်ပညာတတ်အစစ် ဖြစ်ပါမည်။ မိမိတို့ သင်ကြားတတ်မြောက်ထားသော ပညာရပ်ကို တိုင်းရင်းသား ပြည်သူများ၊ လူမှုဘဝတိုးတက်အောင် စွမ်းဆောင်ကြ ရမည်ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နေ့စဉ်လူမှုဘဝတွင် အသုံးချနိုင်မည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ပိုမိုလေ့လာသင်ယူကြရပါမည်။ မိမိ၏ မှန်ကန်သော မျိုးချစ်စိတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် စွမ်းဆောင် နိုင်ကြရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရင်းနှီးချစ်ခင်ပြီး စိတ်ရင်းစေတနာအမှန်ဖြင့် ကူညီစောင့်ရှောက်တတ်သူများ ဖြစ်လာ စေရန် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။
ပြည်ထောင်စုသားတိုင်းက ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များဖြစ်သော -
(က) တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊
( ခ ) ပြည်ထောင်စုတစ်ဝန်းလုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာအဆင့်မြှင့်တင် ဆောင်ရွက်ရေး၊
( ဂ ) မျိုးချစ်စိတ်ဓာတ်ကိုအရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ရှင်သန်ထက်မြက်ရေး၊
(ဃ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းစွာဖြင့် တိုင်းရင်းသားပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်ရေးတို့နှင့်အညီ အလေးထား ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
တိုင်းရင်းသားပြည်သူများအနေဖြင့် အမိနိုင်ငံတော်ကြီးကို အမှန်တကယ်ချစ်မြတ်နိုးပြီး အချင်းချင်းသံသယစိတ် ကင်းရှင်းစွာဖြင့် အပြန်အလှန် လေးစားညီညွတ်လျက် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာအပြည့် ဇွဲလုံ့လ အပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
အချုပ်အားဖြင့် ဤသို့ထူးခြားလေးမြတ်လှသည့် အမျိုးသားအောင်ပွဲနေ့ အခါသမယ၌ “နိုင်ငံတော် သာယာဝပြောဖို့၊ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စို့” ဟူသော (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့်အညီ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက ဘိုးဘွားအမွေဖြစ်သော ပြည်ထောင်စု နိုင်ငံတော်ကြီးကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် အလေးထား ကာကွယ်စောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။