news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း    

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၁

          ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ညနေပိုင်း တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံ တော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

           အစည်းအဝေးသို့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးခင်ရီနှင့် ဒေါက်တာမျိုးသိန်းကျော်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်၊ ဦးဇော်ဝင်း၊ ဦးအောင်ထွန်းခိုင်နှင့်နေပြည်တော် ကောင်စီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က  ၂၀၂၃ ခုနှစ်တွင် ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေး ဖြစ်ကြောင်း၊ မတ်လ ၁၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်၌ အကြိုညှိနှိုင်းဆွေးနွေးခဲ့ ကြပြီးဖြစ်ကြောင်း၊ တပ်မတော်ပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ကြိုတင်စပ်လျဉ်း၍လည်း တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးထားပြီး ဖြစ်ကြောင်း၊  ယခုအစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်ရမည့် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကိုလည်း အသိပေးလိုကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် အရေးပေါ်ကာလ ဆိုင်ရာပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီလွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် အခြေခံအားဖြင့် မဲပေးမည့်စာရင်းဇယားများတိကျ မှန်ကန်ရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပမည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တစ်နိုင်ငံလုံး၏ လူဦးရေစာရင်းကို ကိုင်တွယ်သည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့၏ အခန်းကဏ္ဍသည် များစွာအရေးကြီး ပါကြောင်း၊ စာရင်းဇယား များတိကျခိုင်မာမှန်ကန်မှသာလျှင် မှန်ကန်သည့်ဆန္ဒမဲပေးနိုင်မည့် အနေအထားဖြစ်ပါကြောင်း၊ ဆန္ဒမဲ ပေးမည့် အကျုံးဝင်သူတိုင်းသည် နိုင်ငံသားစိစစ်ရေး ကတ်ပြား လက်ဝယ် ကိုင်ဆောင်ထားနိုင်ရေး၊ အမြဲနေထိုင်ရာနေရာဒေသတွင် ဆန္ဒမဲပေးနိုင် ရေးနှင့် နေထိုင်ကြောင်း အထောက်အထား ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း လဝက ပုံစံ ၆၆/၆ ရှိရေးတို့ကို ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်းသိရှိအောင် အသိပညာပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

၂၀၂၃ ခုနှစ်တွင် ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်သည့် တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် အခြေခံအားဖြင့် စာရင်းဇယားမှန်ကန်တိကျရန် အဓိကလိုအပ်ပါသဖြင့် စာရင်းဇယားများ တိကျမှန်ကန်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနများနှင့်ပေါင်းစပ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးချင်းစီတိုင်း နိုင်ငံသား စိစစ် ရေးကတ်ရှိမရှိ၊ လဝက ပုံစံ ၆၆/၆ ရှိ၊မရှိ တစ်အိမ်တက်တစ်အိမ်ဆင်းစိစစ် ဆောင်ရွက် သွားကြရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနရှိ တစ်နိုင်ငံလုံးထုတ်ပေးထားသည့် မှတ်ပုံတင်မှတ်တမ်းများကို မှတ်တမ်းစာအုပ်မှကွန်ပျူတာသို့ ပြောင်းနေပါကြောင်း၊ အဆိုပါ ကွန်ပျူတာသို့ စာရင်းသွင်းပြီးချိန်တွင် လဝက ပုံစံ ၆၆/၆ ကိုလည်း တစ်ပြိုင်နက် ကွန်ပျူတာ အတွင်း စာရင်းသွင်းလျက်ရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်စာရင်း နှင့် လဝက ပုံစံ ၆၆/၆ များကွန်ပျူတာအတွင်းရရှိ ပြီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ မြို့နယ်များသို့ ပူးပေါင်းအဖွဲ့များဖြင့် ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ထားသည့် ၂၀၂၃ ခုနှစ်မတိုင်မီ မြေပြင်စာရင်း မှန်ကန်မှုရှိ၊မရှိ ပြီးစီးအောင်တိုက်ဆိုင် စစ်ဆေးဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။

          ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် အိမ်ထောင်စုလူဦးရေစာရင်းအား လဝက ပုံစံ ၆၆/၆ ၊ နိုင်ငံသားစိစစ်ရေးကတ် စသည်တို့နှင့် မြေပြင်တိုက်ဆိုင်စစ်ဆေး နိုင်မှုမရှိ ဘဲ ရှိ/ကောက် စနစ်ဆောင်ရွက်ခဲ့၍ မဲမသမာမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံသား တစ်ဦးလျှင် နိုင်ငံသားစိစစ်ရေးကတ်တစ်ခုသာ တရားဝင်ကိုင်ဆောင်ခွင့် ရှိသဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ မှန်၊ မမှန် ကြပ်မတ်စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး တရားမဝင်ကတ်များကို ပယ်ဖျက်ကြရမည်ဖြစ်ကြောင်း၊  အလားတူ ပုံစံ ၆၆/၆  များကို လည်း စိစစ်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ဆန္ဒမဲပေးရာတွင် သန့်ရှင်းလွတ်လပ်၍ တရားမျှတမည်ဖြစ်ကြောင်း။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တစ်နိုင်ငံလုံး မှတ်ပုံတင်ထုတ်ပေးထားသည့် စာရင်းမှာ  ၅၁ သန်းကျော်ထုတ်ပေးပြီးဖြစ်ကြောင်း၊ အဆိုပါ ထုတ်ပေးပြီးစာရင်းတွင် သေဆုံးသူများ၊ ပြည်ပသို့ထွက်ခွာသွားသူများ၊ ပျက်စီး၊ ပျောက်ဆုံး နှင့် နှစ်ကြိမ် သုံးကြိမ်ထပ်သူများလည်း ပါဝင် နေမှာဖြစ်ကြောင်း၊ သက်ဆိုင်ဝန်ကြီး ဌာနလုပ်အားဖြင့် ကွန်ပျူတာသို့ စာရင်းသွင်းရာတွင် ယခုထိ ၂၇ သန်းကျော်ပြီးစီးပါကြောင်း၊ စာရင်းရေးသွင်းကျန်အရေ အတွက်သည် ၂၄ သန်းကျော် ရှိနေသေးကြောင်း၊ အဆိုပါ ကျန်ရှိသည့်အရေအတွက်ကို ကွန်ပျူတာ အတွင်းအချိန်မီရိုက်သွင်းကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန(၁)ခုထဲအင်အားဖြင့် ကွန်ပျူတာ သို့ စာရင်းသွင်းပါက ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အတွက် အချိန်မီပြီးစီရန် ကြိုးပမ်းလျက် ရှိသဖြင့် အချိန်မီရိုက်သွင်းနိုင်ရန် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ နယ်မြေအလိုက် ၂ လအတွင်းအချိန်မီပြီးစီးနိုင်ရေး စီမံဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ် နှင့် လဝက ပုံစံ ၆၆/၆ တို့၏ ကွန်ပျူတာ စာရင်းသွင်းခြင်းလုပ်ငန်းပြီးဆုံးပါက  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ အဆင့်အထိ တစ်အိမ်တက် တစ်အိမ်ဆင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းပမာဏသည်များစွာ ကျယ်ပြန့်ပါကြောင်း၊ အချိန်များစွာ  ရယူဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသည့် စာရင်းဇယားများအား ကွန်ပျူတာအတွင်း အမြန်ဆုံးဖြည့်သွင်း ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုတင် ဖြန့်ဝေပေးထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အလိုက် စာရင်းဇယားများ အား အမြန်ဆုံးဖြည်သွင်နိုင်ရေး အတွက် ကျွမ်းကျင်ပညာရှင်များနှင့်ပေါင်းစပ်၍ အမြန်ဆုံးရေးသွင်းနိုင်ရေးနှင့် ဝန်ကြီးဌာန၏ Sever အတွင်းရောက်ရှိရေးအတွက် အားလုံးကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်အတွင်းကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ နှင့် ပြဌာန်းချက်များကို အားလုံးသိရှိ လိုက်နာနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်၊၊

          ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရွေးကောက်ပွဲဆိုင်ရာ ပြဌာန်းချက်များ၊ မဲစာရင်းများမှန်ကန်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စာရင်းဇယားအချက်အလက်များ ဖြည့်သွင်းခြင်းအတွက် Working Group များချိတ်ဆက်ဆောင်ရွက်မည့်ပုံစံများကိုဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက် ဆွေးနွေးပြောကြားသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ရေဖြူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ အကြမ်းဖက်သမားများက လက်လုပ်အသံဗုံးဖြင့် နှောင့်ယှက်ဖောက်ခွဲ

နေပြည်တော်၊ ဧပြီ - ၁

          ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ် စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ အခြေခံပညာအထက် တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊(ခ)ရပ်ကွက်၊ ကျောက်တိုင်လမ်းရှိ အခြေခံပညာအထက်တန်းကျောင်း (ရေဖြူ)သို့ လက်လုပ် အသံဗုံး ၁ လုံးဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခြင်းကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် ရေဖြူမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ရေဖြူ)သို့ အကြမ်းဖက်သမားများက ကျောင်း၏အ‌နောက် ဘက်  ရာဘာခြံအတွင်းမှ ကျောင်းဝန်းအတွင်းသို့ လက်လုပ်အသံဗုံးဖြင့် လာရောက် ပစ်ခတ် ၍ ရာဘာခြံအနောက်ဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ လက်လုပ်အသံဗုံးသည် ကျောင်းဆောင်၏ ၁၅ ပေခန့်အကွာ အုတ်တံတိုင်ဘေး မြေကွက်လက်သို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

          အဆိုပါပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက် ပျက်စီးမှုမရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်   ၂၇  / ၂၀၂၂

၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း   ၁    ရက်

(၂၀၂၂ ခုနှစ်၊ ဧပြီလ   ၁  ရက်)

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန် ပေးလိုက်သည်-

              (၁)     ဦးမြင့်စိုး                  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

              (၂)      ဒေါက်တာ မျိုးသန့်    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

 

                                                                   အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်   ၂၆  / ၂၀၂၂

၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း   ၁    ရက်

(၂၀၂၂ ခုနှစ်၊ ဧပြီလ   ၁  ရက်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ခန့်အပ်တာဝန်ပေးခြင်း

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးကိုကိုလွင် အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးလိုက် သည်။

 

                                                                အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော် မတ် ၃၁

            အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးကြသည်။

နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို ၆၂ နှစ်ဟု ပြင်ဆင်သတ်မှတ်

နေပြည်တော်  မတ်   ၃၁

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

နေပြည်တော်၊ မတ်-၃၁

            ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ မတ် - ၃၁

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ မတ် - ၃၁

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မတ် ၃၀ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၇ ဦး၊ အမျိုးသမီး  ၂ ဦး၊ စုစုပေါင်း ၉ ဦးတို့ကို လက်ခံခဲ့ကြသည်။