news

ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

နေပြည်တော်၊ အောက်တိုဘာ - ၅

          ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း    ဒေသတွင်းစားနပ်ရိပ်က္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍  တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော် သားများက တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံ ထုတ် အသား၊ ငါးဗူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိ သည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာ အောက်တိုဘာ ၃ ရက်မှ ယနေ့အထိ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၈)မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၇)မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်(၃)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်များအတွင်းရှိ မြို့နယ်(၄၄)မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၄)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၇)မြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရှိမြို့နယ်(၃)မြို့နယ်တို့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ တပ်မတော် သားများနှင့် တာဝန်ရှိသူများက တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ် နှင့် စည်သွပ်ဘူးများစသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်၊ အောက်တိုဘာ - ၅

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်း ကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၉၉ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၅၀၀၉ ဦး၊  ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၆၇၄ ဦးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၄၃၂၈ ဦးတို့ကို  တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇) ခရိုင်တို့၌ ကျောင်းသား၊ ကျောင်းသူ ၉၆၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း   အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၅

အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့  အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာသီတာဦး၊‌ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးသောင်းဟန်၊ ဦးမျိုးမြင့်ဦးနှင့် ဦးရွှေလေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး  အမျိုးသားမြေအသုံး ချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

          အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့အစည်း အဝေးသည် အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် ခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြေအသုံးချမှု မူဝါဒနှင့် သက်ဆိုင်သော ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဖွဲ့စည်း ခဲ့သည့် “အမျိုးသားမြေ အသုံးချမှုကောင်စီ” တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပြီး ယခင် ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ၊ ကောင်စီ၏ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။

          မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် (၂၆၁၂၂၈) စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး အရှေ့တောင်အာရှဒေသအတွင်း ဧရိယာအကျယ်အဝန်း ဒုတိယအကျယ်ဆုံးဖြစ်ကြောင်း၊ မြေသယံဇာတနှင့်ရေသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအတွက် သင့်လျော်ကောင်းမွန်သည့် ရာသီဥတုအခြေအနေနှင့် ပြည့်စုံသည့် နိုင်ငံဖြစ်ကြောင်း။

          မြေသယံဇာတအရင်းအမြစ်များသည် လူသားများ၊ လူမှုအသိုင်းအဝိုင်းများဖြစ်တည်မှု အတွက် မရှိမဖြစ်လိုအပ်သည့်အခြေခံအကျဆုံး သဘာဝသယံဇာတအရင်းအမြစ်များ ဖြစ်သော်လည်း အခြားသယံဇာတ အရင်းအမြစ်များနှင့်မတူသည့်အချက်မှာ တိုးပွားအောင် လုပ်၍မရဘဲ အကန့်အသတ်ရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သည် ဆိုသည် ကို သတိပြုရမည်ဖြစ်ကြောင်း။

          ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေတိုးပွား လာမှုနှင့် မြေဆီလွှာယိုယွင်းပျက်စီးမှု တို့ကြောင် ၂၀၂၀ ခုနှစ်တွင်  လူတစ်ဦး စိုက်ပျိုးလုပ်ကိုင် နိုင်သည့် မြေဧရိယာ ၀ ဒဿမ ၁၈ ဟက်တာခန့်သာ ရှိကြောင်း၊ အဆိုပါအခြေအနေကို ၁၉၆၀ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ထက်ဝက်ခန့်ကျဆင်းလာသည်ကို တွေ့ရမည်ဖြစ်ပြီး ၂၀၅၀ ခုနှစ်တွင် လက်ရှိထက် ထက်ဝက်ခန့်ထပ်မံကျဆင်းသွားမည်ဟု ခန့်မှန်းထားကြောင်း။

            မြေသယံဇာတအရင်းအမြစ်များသည် လူသားများအတွက် အခြေခံအကျဆုံးသဘာဝ သယံဇာတအရင်းအမြစ်များဖြစ်ပြီး စားနပ်ရိက္ခာ၊ သန့်ရှင်းသောရေနှင့် ဇီဝမျိုးစုံမျိုးကွဲများ အပါအဝင်အခြားဂေဟစနစ် ဝန်ဆောင်မှုများကို မြေသယံဇာတအရင်းအမြစ်များက ထောက် ပံ့ပေးနေခြင်းဖြစ်ကြောင်း၊ မြေသယံဇာတ အရင်းအမြစ်များသည် လူသားများအတွက် အခြေခံအကျဆုံး သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သော်လည်း ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် မှန်လုံအိမ် ဓာတ်ငွေ့များထုတ်လွှတ်နိုင်သည့် အရင်းအမြစ်များလည်း ဖြစ်ကြောင်း။

          Intergovernmental Panel on Climate Change- IPCC  အစီရင်ခံစာအရ ၂၀၀၇ခုနှစ်မှ ၂၀၁၆ခုနှစ်အတွင်း စိုက်ပျိုးရေး၊ သစ်တောနှင့် အခြားမြေအသုံးချမှု ပြောင်းလဲခြင်းကဏ္ဍမှ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်း ထုတ်လွှတ်ခဲ့သည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲလာခြင်း၏ ရိုက်ခတ်မှုဖြစ်သော ၂၀၀၈ ခုနှစ် သမိုင်းဝင် နာဂစ်မုန်တိုင်းအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းများ၌ နေ့စဉ်နှင့် နီးပါးအမျှ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံအနှံ့ အပြားရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အယ်လ်နီညို/ လာနီညာကဲ့သို့ အပူချိန်လွန်ကဲမှုနှင့် အအေးလှိုင်းဖြတ်သန်း ခံရခြင်းအစရှိသည့် ပြင်းထန်သော မိုးလေဝသဖြစ်စဉ်များကို နှစ်စဉ်ပိုမိုပြင်းထန်စွာ ခံစားလာနေရမှုနှင့် လူမှုစီးပွား ပျက်စီးဆုံးရှုံးရမှုများလည်း ကြုံတွေ့ဆဲ၊ ကြုံတွေ့လတ္တံ့ ဖြစ်ကြောင်း၊ ယခုကဲ့သို့သော သဘာဝလွန်ဘေး အန္တရာယ် များကြောင့် မိမိတို့နိုင်ငံသည် ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိခိုက်ခံစား လွယ်သည့် နိုင်ငံများအနက်တတိယအဆင့်တွင်  ရပ်တည်နေခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌  ရာသီဥတု ပြောင်းလဲမှုလျှော့ချနိုင်ရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး အတွက် မြေသယံဇာတအရင်းအမြစ်များကို စနစ်တကျစီမံ ခန့်ခွဲရန်လိုအပ်ကြောင်း။

          ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက Agenda 2030 ဖြစ်သည့် ဖွံ့ဖြိုးမှုစီမံချက်ကို သဘောတူညီ လက်ခံခဲ့ကြောင်း၊ အဆိုပါ Agenda 2030တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်(၁၇)ခု ပါဝင်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်အများစုသည် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်နွယ်နေပြီး ရည်မှန်းချက်အမှတ်စဉ် ၁၅သည် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုရေး၊ သစ်တောများ ရေရှည်တည်တံ့စေရန် စီမံ ခန့်ခွဲရေး နှင့် သဲကန္တာရဖြစ်ထွန်းမှု ပပျောက်စေရေး၊ မြေယာပြုန်းတီးယိုယွင်း ပျက်စီးမှု ရပ်တန့် စေရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပြုန်းတီးမှု ရပ်တန့်စေရေးတို့ဖြစ်ပြီး မြေယာစီမံ ခန့်ခွဲမှုနှင့် အဓိကသက်ဆိုင်နေသည်ကို တွေ့ရ မည်ဖြစ်ကြောင်း။

          ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(၂၀၁၈-၂၀၃၀ခုနှစ်)၏ မဟာဗျူဟာရည်မှန်းချက် ၅ အပိုဒ်ခွဲ ၅ တွင် သဘာဝအရင်း အမြစ်များ၏ အကျိုးအမြတ်များကို ပြည်သူအားလုံးရရှိခံစားစေရေးအတွက် မြေယာစီမံ ခန့်ခွဲမှုနှင့် သယံဇာတအခြေပြုလုပ်ငန်းများ၏ ရေရှည်တည်တံ့သည့် စီမံခန့်ခွဲမှုတို့ကို တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ရန်ဖော်ပြထားကြောင်း။

PDF အမည်ခံအကြမ်းဖက်သမားများက ကောလင်းမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအား လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်

နေပြည်တော်၊ အောက်တိုဘာ - ၄

            NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် အနာဂတ်ရင်သွေးငယ် များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်း စားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီး လျက်ရှိရာ အောက်တိုဘာလ ၃ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြို့ကုန်းမြို့မရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းအား   PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သည်။

            ထိုသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျောင်းအတွင်းရှိ နှစ်ထပ်ကံ့ကော်ဆောင်အပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ခေါင်မိုးနှင့် အသုံးအဆောင်ပစ္စည်းများ ထိမှန်ပျက်စီး ဆုံးရှုံးခဲ့သည်။ ယင်းသို့ စာသင်ကျောင်းအား နှောင့်ယှက်ပစ်ခတ်ခဲ့သော အကြမ်းဖက် သမားများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်

ရွှေဆံတော်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော် အောက်တိုဘာ - ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ နှင့် ဇနီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဝင် ဦးစိုးဝင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်ကြီးရှိ နှီးဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ ပူဇော်သည်။ ယင်းနောက်  စေတီတော်ကြီးသမိုင်းပြတိုက်အတွင်း လှည့်လည်ကြည့်ရှု ပြီး သမိုင်းမှတ်တမ်းများအား စနစ်တကျထိန်းသိမ်းရန်နှင့် ပြတိုက်အား ပြန်လည် မွမ်းမံရန် လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား မှာကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို ပြီး ရှေးဟောင်းလက်ရာများအား ပြုပြင်ထိန်းသိမ်းရာတွင် မူလလက်ရာမပြတ် ပြုပြင် ထိန်းသိမ်းသွားရန်မှာကြားပြီး စေတီတော်ကြီးရှိ ခေါင်းလောင်းတော်အား ၅ ချက်ထိုး၍ ပူဇော်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်သည် ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ် ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော်ပြီး စေတီတော်ကြီး အတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံ ရယူခဲ့ကြကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်ရဲတပ်ဖွဲ့၏(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၄

          ချင်းပြည်နယ်ရဲတပ်ဖွဲ့၏(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ယနေ့နံနက် ပိုင်းတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမ၌ ပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

          ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးလွင်မိုး က မြန်မာနိုင်ငံရဲချုပ်မှပေးပို့သော ရဲတပ်ဖွဲ့သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ ၄ ဦးနှင့် စိုက်ပျိုးရေး/မွေးမြူရေး နှင့် နေအိမ်လိုင်းခန်း သန့်ရှင်းရေးအကောင်းဆုံးဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာရှိ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၄

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာရှိ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် ပြုလုပ်ရာ ကျိုင်းတုံမြို့၊ လွယ်မွေသာသနာပြုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နားပေါ်သာသနာပြုဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသဝ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာ တော်များက ပဋ္ဌာန်းအမွှမ်းဂါထာများကို ရွတ်ဖတ်ကာ အလှည့်ကျဆရာတော်က မဟာ ပဋ္ဌာန်းကျမ်းမြတ်ကို စတင်ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

          အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို သံဃာတော် ၁၈ ပါးဖြင့် အောက်တိုဘာ ၈ ရက်အထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၄

          ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ်ရှိ စံပြဘက်စုံစိုက်ပျိုး မွေးမြူရေးခြံ၌ ဉစားကြက်၊ အသားတိုးကြက်၊ နို့စားနွား၊ အသားတိုးနွားနှင့် DYL ဝက် မွေးမြူထားရှိမှု၊ နေရောင်ပြအင်း၌ ငါးနှင့် ဘဲမွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၄

          ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကွတ်ခိုင်မြို့ရှိ ဇေယျသုခတပ်ဦးကျောင်းတိုက်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ သစ်စည်း တောင်ပရိယတ္တိသာသနာ့အေးရိပ်သာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ချင်းကုန်းကျေးရွာရှိ ရွာဦးအောင်ကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ငပကျေးရွာရှိ     လင်းရောင်ခြည်ကျောင်းတိုက်၊ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာရှိ ကျိုက်ထီးရိုးလေး ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ရှိ မစိုးရိမ်ကျောင်းတိုက်၊ ပုသိမ်မြို့ရှိ ကျွန်းခြားကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ဆုတောင်းပြည့်ဘုန်းတော်ကြီး ကျောင်း၊ ဘူးသီးတောင်မြို့ရှိ ရတနာအောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း၊ မြောက်ဦးမြို့၊ တပ်ဦးဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ် တော်ရိပ်သာကျောင်းတိုက်၊ မိတ္ထီလာမြို့နယ်ရှိ ဆည်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ရမည်းသင်းမြို့နယ်၊ ရွှေနန်းပေါ်ကျေးရွာရှိ ရွှေမြင်တင် ကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ပရဟိတစပယ်ဦးသီလရှင်ကျောင်း၊ မင်းလှမြို့ရှိ ကုန်းကြီးကျေးရွာဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး သည်။

          ထို့ပြင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို၊ ဖန်ခါးမြေဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက် လှူဒါန်းခဲ့ကြသည်။

          အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက ‌နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ  ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော်များအား ဆွမ်းဆန်တော်နှင့်စားသောက်ဖွယ်ရာများ အသီးသီးသွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်၊ အောက်တိုဘာ - ၄

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်း ကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၀၇ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၃၆၀ ဦး၊  ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၈၂၆ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၃၆၈၉ ဦး၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နှင့် ထန်းတပင်မြို့တို့၌ ဒေသခံပြည်သူ ၂၆၈ ဦးတို့ကို  တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၇၆၂ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇) ခရိုင်တို့၌ ကျောင်းသား၊ ကျောင်းသူ ၁၈၈၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးသည်။