ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် သံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၇၄ ဦးအား ၎င်းကျေးရွာရှိ အေဒင်အအေးခန်းစက်ရုံ(ဟောင်း)၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၁၃ ဦး၊ ခွဲစိတ်ရောဂါ ၄၀ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၉ ဦး၊ ကလေးရောဂါ ၅၆ ဦး၊ အရိုးရောဂါ ၁၉၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၃ ဦး၊ မျက်စိရောဂါ ၁၉၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၁ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၆၈ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၄၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သူ ၆ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံ များသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။