နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့သို့ ရောက်ရှိ Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်လေ့လာ
နေပြည်တော် စက်တင်ဘာ - ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Amur ပြည်နယ်၊ Blagoveshchensk မြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့၊ Baikal လေဆိပ်သို့ရောက်ရှိကြရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov က ၎င်းတို့ ပြည်နယ်မှ နောက်ဆုံး အဆင့်မြှင့်တင်ထုတ်လုပ်ထားသည့် ရဟတ်ယာဉ်ကို လေဆိပ်၌ လိုက်လံပြသခဲ့ပြီး အတွင်းပိုင်း၊ အပြင်ပိုင်း ပြင်ဆင်ထားရှိ မှုနှင့် စွမ်းဆောင်ရည်များကို ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်း ဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြရာ မဟာယန ဗုဒ္ဓဘာသာ ခေါင်းဆောင် Damba Bandmaeich Ayusheev နှင့် သံဃာ တော်များက ကြိုဆိုနှုတ်ဆက်ကြပြီး ကျောင်းတော်အတွင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များက ၁၂ ပါးမြောက် လားမားဘုန်းတော်ကြီး၏ ရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားမှုအပေါ် နာယူကြည်ညိုသည်။










































