news

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး ဘဏ်နှင့်‌ ရွှေဆိုင်များအား ဓားပြတိုက်လုယက်မှုများ ကျူးလွန်ရန် စီစဉ်လျက်ရှိသည့် ဒလ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာလ ၃ ရက်

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား  စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာ များအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက် လုယက်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိ ပါသည်။

သို့ဖြစ်၍ အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင် သတင်းပေးဆောင်ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဓားပြတိုက်လုယက်ခြင်းများ လုပ်ဆောင် လျက်ရှိသည့် ဒလ PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ  အေးသီတာဝင်းအား  ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ မဉ္ဇူလမ်း၌ ဖမ်းဆီးရမိခဲ့သည်။

 တရားခံ အေးသီတာဝင်း၏ ထွက်ဆိုချက်အရ ဒလ PDF အမည်ခံ အကြမ်းဖက် အဖွဲ့ဝင် နိုင်လင်းအား ဒလမြို့နယ်၊ နှုတ်ခမ်းမွှေး သမ္ဗာန်ဆိပ်ရှိ ရေယာဉ်ပေါ်၌ လည်းကောင်း၊ ထက်လင်းဦး(ခ)ကိုထက် အား ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ သင်္ဘောကျင်း(၈) လမ်းရှိ နေအိမ်၌Luger ပစ္စတို ၁ လက်၊ SIGSAUER ပစ္စတို ၁ လက်၊ KUZEY ပစ္စတို ၂ လက်၊ ZORAKI ပစ္စတို ၁ လက်၊ ကျည်အိမ် ၇ ခု၊ ကျည်မျိုးစုံ ၇၃ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ အသံတိတ်ပြောင်း ၁ ခုနှင့် လည်းကောင်း၊ ဟိန်းထက်() အငယ်ကောင် အား ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ မဉ္ဇူလမ်း၌ လည်းကောင်း၊  ထူးထက်အောင် အား တာမွေမြို့နယ်၊ တာမွေကြီး(က/ဂ)ရပ်ကွက်၊ ၁၅၆ လမ်း၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

တရားခံ ထူးထက်အောင်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၉ ရက် နေ့လည်ပိုင်းတွင် အောင်ကျော်ထက်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ်ကွက်၊ ယုဇန(၄)လမ်း၌ SIGSAUER ပစ္စတို ၁လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၁၈ တောင့် နှင့်လည်းကောင်း၊ အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းတွင် တင်အောင်လွင်(ခ) သားကြီး၊ ဦးသန်းကျော်ဇင်ထူး(ခ)ရန်ပိုင်နှင့် ရွှေသဉ္ဇာဦးတို့ ၄ ဦးအား လှည်းကူးမြို့၊ အမှတ်(၃)လမ်းဆုံစစ်ဆေးရေးဂိတ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

တရားခံ ကျော်ဇင်ထူး(ခ)ရန်ပိုင်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ထက်အောင်လင်း အား ဒလမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အောင်ဇေယျ (၆)လမ်းရှိ နေအိမ်၌  ၉ မမ ကျည် ၂ တောင့်နှင့်လည်းကောင်း၊ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် မင်းမင်းဦး(ခ)ကျော်ဦး(ခ)ဝေလွင်ဦး အား ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်၊ လမ်းသွယ်(၁)လမ်း၌ လည်းကောင်း၊ ခိုင်ခိုင်ဝင်း(ခ)အရိုးမ နှင့် သက်ဝါဦး(ခ) တုတ်တုတ် တို့   ၂ ဦးအား ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ဒလ-တွံတေးသွား ကားလမ်းဘေး၌လည်းကောင်း၊ ကျော်မျိုးအောင် အား ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်၊ အုတ်လှငယ်လမ်းရှိ နေအိမ်၌ လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ယင်းနေ့ညနေပိုင်းတွင်  ဇင်မိုးဦး ၊ တင်ဇော်သိန်း(ခ) ဂန္ဓီ နှင့် အောင်ဇော်မျိုး တို့ ၃ ဦးအား ဒလမြို့နယ်၊ ဘုရင့်နောင် ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်၌ လည်းကောင်း၊ ဇော်ဝင်းအောင်(ခ) စိန်ကုလားအား ဒလမြို့နယ်၊ စက်မြေရပ်ကွက်၊ ဆရာစံလမ်း၊ အိမ်အမှတ်(၆၄)၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ဖမ်းဆီးရန်ကျန်တရားခံ ကြည်လွင်(ခ)မီးသီး နေထိုင်သော အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုတိသာလမ်းသွယ်(၁)၊  တိုက်အမှတ် (5/A)အား ဝင်ရောက်ရှာဖွေခဲ့ရာ  နေအိမ်အတွင်းမှ RUGER SR-9 ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဒီတိုနေတာ ၃၀ ခု၊ ယမ်းမှုန့် ၁ ထုပ်၊ ဆားကစ်ပြား ၁ ခုနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ သည်။

ဖမ်းဆီးရမိတရားခံ တင်အောင်လွင်(ခ)သားကြီး ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ဝင်းမင်းထွန်း(ခ)ရှမ်းပေါက်နှင့် စိုးမြတ်ဦး (ခ)တွတ်ပီတို့ ၂ ဦးအား မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခြင်း၊ ဓားပြတိုက်လုယက်ခြင်း များ ဆောင်ရွက်ခဲ့သည့် တရားခံ ကျား ၁၇ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၂၁ ဦးအား ပစ္စတိုမျိုးစုံ ၇ လက်၊ ကျည်အိမ် ၁၀ ခု၊ ကျည်မျိုးစုံ ၉၈ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊   ဖောက်ခွဲရေးသုံးဒီတိုနေတာ ၃၀ ခု၊ ယမ်းမှုန့် ၁ ထုပ်၊ ဆားကစ်ပြား ၁ ခု၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ထက်လင်းဦး(ခ)ကိုထက်၊ ထူးထက်အောင် နှင့် အောင်ကျော်ထက် တို့ ၃ ဦးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လခန့်တွင် KNLA တပ်မဟာ(၇)လှုပ်ရှားနယ်မြေ၌လည်းကောင်း၊ ကျော်ဇင်ထူး(ခ)ရန်ပိုင်ရွှေသဉ္ဇာဦး၊  ဝင်းမင်းထွန်း(ခ)ရှမ်းပေါက်နှင့် စိုးမြတ်ဦး(ခ)တွတ်ပီ တို့ ၄ ဦးသည် KIA ဗဟိုဌာနချုပ် ရှိရာ လိုင်ဇာမြို့အနီး၌ လည်းကောင်း  အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ ၁ လခန့် အသီးသီး တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဒလမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ဒလ PDF အမည်ခံအကြမ်းဖက်အဖွဲ့အား ဒလမြို့နယ်၊ ရာဇသင်္ကြန် ရပ်ကွက်နေ ဒလမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် တရားခံပြေး ရဲနောင် နှင့် ဖမ်းဆီးရန် ကျန်တရားခံ ရဲထက်နိုင်(ခ)ကျုံဒိုး တို့ခေါင်းဆောင်၍  ထက်လင်းဦး(ခ)ကိုထက်၊ ထူးထက်အောင်၊ အောင်ကျော်ထက်၊ နိုင်လင်း၊ တင်အောင်လွင်(ခ)သားကြီး၊ ဦးသန်း၊ ကျော်ဇင်ထူး(ခ)ရန်ပိုင် ၊ ဝင်းမင်းထွန်း(ခ) ရှမ်းပေါက်၊ စိုးမြတ်ဦး(ခ)တွတ်ပီနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ကြည်လွင်(ခ) မီးသီး၊ အောင်ကျော်စိုး၊ ကျော်လင်း၊ အောင်လွန်း၊ စစ်နိုင်၊ ဇင်မင်းထွန်း၊ ရန်ကျော် နှင့် ဒီပ တို့ပါဝင်သော ၁၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဒလ PDF အမည်ခံအကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု   ၄ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

  • ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်တွင် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ဒလ - တွံတေးကားလမ်းဘေးရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဖမ်းဆီးရန်ကျန် တရားခံ ပြည့်ဖြိုးနိုင်နှင့် ပြည်ဖြိုးသူ တို့မှ လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲ ခဲ့ပြီး ကျော်မျိုးအောင်နှင့် ထက်အောင်လင်းတို့မှ အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် ဒလမြို့နယ်၊ သပြေကုန်းကျေးရွာ၊ အထက(၄)ကျောင်းရှေ့ ၌ ဖမ်းဆီးရန်ကျန်တရားခံ ပြည့်ဖြိုးနိုင်နှင့် ပြည်ဖြိုးသူ တို့မှ လက်လုပ်မိုင်း ၁ လုံးဖောက်ခွဲခဲ့ပြီး ကျော်မျိုးအောင်နှင့် ထက်အောင်လင်း တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။
  • ဩဂုတ်လ ၂၈ ရက်တွင်  ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ရာဇသင်္ကြန် လမ်းနှင့် ဒလ - တွံတေး လမ်းထောင့်ရှိ ဝတိံနန်းစတိုးဆိုင်ရှေ့၌  ထူးထက်အောင်မှ  လက်လုပ်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ) အငယ်ကောင်နှင့် အေးသီတာဝင်းတို့မှ အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း။
  • အောက်တိုဘာလ ၁၄ ရက်တွင် ဒလမြို့နယ်၊ မဟာဗန္ဓုလ လမ်းနှင့် တံတားဖြူရေမြောင်းအနီးရှိ အမှိုက်ပုံ၌ ဖမ်းဆီးရန်ကျန်တရားခံ ရဲထက်နိုင် (ခ)ကျုံဒိုးမှ လက်လုပ်မိုင်း ၁ လုံးဖောက်ခွဲခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ) အငယ်ကောင် နှင့် အေးသီတာဝင်း တို့မှ အခြေအနေ စောင့်ကြည့်ပေး ခဲ့ကြောင်း။

                 ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဒလ PDF အမည်ခံ အကြမ်းဖက် အဖွဲ့သည် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၆ ကြိမ် ကျူးလွန် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

  • ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်နှင့် ဖမ်းဆီးရန်ကျန်တရားခံ ရဲထက်နိုင်(ခ)ကျုံဒိုးတို့သည် ဒလမြို့နယ်၊ တပင်ရွှေထီး ရပ်ကွက်ရှိ နယူးရွှေခရားကြီး လက်ဘက်ရည်ဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးကျော်မင်းအား  ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး နိုင်လင်း နှင့် အေးသီတာဝင်းတို့မှှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
  • မေလ ၁ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်သည် ဒလမြို့နယ်၊ ဝန်ထမ်း အိမ်ရာရပ်ကွက်၌  အပြစ်မဲ့ပြည်သူ ဦးချစ်မိုးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး နိုင်လင်းနှင့် ဟိန်းထက်(ခ)အငယ်ကောင် တို့မှှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။
  • ဩဂုတ်လ ၁၄ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်ထူးထက်အောင် နှင့် ဖမ်းဆီးရန်ကျန်တရားခံ ရဲထက်နိုင်(ခ)ကျုံးဒိုး တို့သည် ဒလမြို့နယ်၊ စက်မြေ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၌ အပြစ်မဲ့ပြည်သူ ဦးကျော်ကျော်ဝင်း အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ) အငယ်ကောင် နှင့် အေးသီတာဝင်းတို့မှှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
  • ဩဂုတ်လ ၃၀ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်၊ ထူးထက်အောင် နှင့် ဖမ်းဆီးရန်ကျန်တရားခံ ရဲထက်နိုင်(ခ)ကျုံဒိုးတို့မှ ဒလမြို့နယ်၊ သမ္မတကမ်းခြေ ရပ်ကွက်အတွင်း၌ ရာအိမ်မှူး ဦးစိုးမင်းဦးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ) အငယ်ကောင်အေးသီတာဝင်း၊ ခိုင်ခိုင်ဝင်း(ခ)အရိုးမနှင့် သက်ဝါဦး(ခ)တုတ်တုတ်တို့မှ အခြေအနေစောင့်ကြည့် ပေးခဲ့ကြောင်း။
  • စက်တင်ဘာလ ၂၅ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်သည် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ဦးဝဏ္ဏထွန်းအား ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ပြီး နိုင်လင်းဟိန်းထက်(ခ)အငယ်ကောင်၊ ခိုင်ခိုင်ဝင်း(ခ) အရိုးမနှင့် သက်ဝါဦး(ခ)တုတ်တုတ် တို့မှ အခြေအနေ စောင့်ကြည့်ပေး ခဲ့ကြောင်း။
  • စက်တင်ဘာလ ၂၉ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ဇင်မင်းထွန်းသည် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ၂၆ လမ်းထောင့်၌ တပ်ကြပ် မင်းထွန်းအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ် ခဲ့ပြီး နိုင်လင်းဟိန်းထက်(ခ)အငယ်ကောင်နှင့် မင်းမင်းဦး(ခ)ကျော်ဦး (ခ)ဝေလွင်ဦး တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

(၁၉)ကြိမ်မြောက်အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ရန် အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ - ၃

လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက်အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ရန် အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် နိုဝင်ဘာ ၂ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

ကာကွယ်ရေးဦးစီးချုပ်(လေ)ဦးဆောင်သော ကိုယ်စားလှဘ်အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် တစ်ဦးအား ၎င်း၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ ၃

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနားကို ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူနှင့် ၎င်း၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့်ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရေတာရှည်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်း များ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

          PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြု မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရကထုတ်ပြန်ထား ပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင် ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။

(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း

ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ - ၃

                ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ လေကြောင်းခရီး ဖြင့် ထွက်ခွာသွားကြသည်။    အဆိုပါအဖွဲ့အား စစ်ရေးချူပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက နေပြည်တော် လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

                မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂  ဦးတို့ လိုက်ပါသွားကြသည်။

                (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲကို  နိုဝင်ဘာ ၄ ရက်မှ ၁၁  ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ပစ္စတိုအမျိုးသားအသင်း ၊ ပစ္စတိုအမျိုးသမီးအသင်း ၊ ကာဘိုင်အမျိုးသားအသင်း ၊ ရိုင်ဖယ်အမျိုးသားအသင်းနှင့် စက်သေနတ်အမျိုးသား အသင်းတို့  ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၃

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ - ၃

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်း အပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှထွက်ခွာရာ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ် ထိန်ဝင်း၊ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။ အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တွင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုစစ်သည်များနှင့် သူနာပြုရဲမေများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ခွဲစိတ်ရောဂါများ ရှာဖွေစမ်းသပ်ကုသ ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၌ ဒေသခံပြည်သူ ၄၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆) မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၄၀၄ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌ ဒေသခံပြည်သူ ၇၆၄ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၂၅၁၃ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဒေသခံပြည်သူ ၁၁၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။