ရဲဘော်တို့
ဒီနေ့ဟာ အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ တို့မြန်မာ့တပ်မတော်ရဲ့ (၇၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်တယ်။ ဒီ(၇၈)နှစ်တာကာလအတွင်းမှာ တပ်မတော်ဟာ ပြည်သူနဲ့အတူ လက်တွဲပြီး လွတ်လပ်ရေးအရယူပေးခဲ့တဲ့အပြင် ရရှိပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ပြန်လည်မဆုံးရှုံးစေဖို့ အတွက် နိုင်ငံ့ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနိုင်ခဲ့တာကြောင့် ယခုနှစ်အတွင်းမှာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်နဲ့ တပ်မတော်အတွက် သမိုင်းမော်ကွန်းသစ် ရေးထိုးနိုင်ခဲ့တယ်။
ရဲဘော်တို့
တို့နိုင်ငံရဲ့ သမိုင်းကြောင်းကိုပြန်ကြည့်ရင် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲပြီး ရေမြေပိုင်နက်နယ်နိမိတ်နဲ့ ခိုင်မာတဲ့ သမိုင်းကြောင်းရှိတဲ့ နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာတွေ့ရတယ်။ ပုဂံခေတ်မတိုင်မီကာလမှာ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာစတဲ့ ပျူမြို့ပြတွေကို ထူထောင်နိုင်ခဲ့ကြတယ်။ ပုဂံခေတ် အနော်ရထာမင်း လက်ထက်မှာ ကျယ်ပြန့်တဲ့ ပထမမြန်မာနိုင်ငံတော်ကြီး ခမ်းနား ထည်ဝါစွာ ထူထောင်နိုင်ခဲ့တဲ့အပြင် ဘုရင့်နောင်မင်းလက်ထက်မှာ ဒုတိယမြန်မာနိုင်ငံတော်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်မှာ တတိယမြန်မာနိုင်ငံတော်တို့ကို ပိုင်နက်နယ်ပယ် ကျယ်ဝန်းပြီး သာယာဝပြောတဲ့နိုင်ငံများအဖြစ် တည်ထောင်ခဲ့တယ် ဆိုတာ သမိုင်းကြောင်းအထောက်အထားများအရ တွေ့ရတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းခဲ့တဲ့ တို့နိုင်ငံဟာ ကုန်းဘောင်ခေတ်မှာတော့ အနောက်နိုင်ငံများရဲ့ လုပ်ကြံခြေထိုးမှုတို့ကြောင့် စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ရတယ်။ နယ်ချဲ့အင်္ဂလိပ်တို့ဟာ ၁၈၂၄ ခုနှစ်မှာ ပထမကျူးကျော်စစ်၊ ၁၈၅၂ ခုနှစ်မှာ ဒုတိယကျူးကျော်စစ်နဲ့ ၁၈၈၅ ခုနှစ်မှာ တတိယ ကျူးကျော်စစ်တို့ကို ဆင်နွှဲပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ တာကြောင့် တို့မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝ ကျရောက် ခဲ့ရတယ်။ လွတ်လပ်ရေးဆုံးရှုံးပြီးနောက် နိုင်ငံတစ်ဝန်း နယ်ချဲ့ တော်လှန်ရေးများကို ဆောင်ရွက်ခဲ့ပေမယ့် စနစ်တကျဖွဲ့စည်းမှု မရှိခြင်းနဲ့ လက်နက်အင်အား မမျှတခြင်းတို့ကြောင့် နောက်ဆုံးမှာ အင်္ဂလိပ်တို့ကို အရေးနိမ့်ခဲ့ရတယ်။ ဆုံးရှုံးသွားတဲ့ လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ရေးအတွက် သခင်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်တို့ထံမှာ ခေတ်မီတပ်မတော်ဖွဲ့စည်း နိုင်ရေးအတွက် စစ်ပညာသင်ကြားခဲ့တယ်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ BIA ဟာ ဂျပန်ဘုရင့်တပ်မတော်နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းများခွဲ ဝင်ရောက်လာခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တို့ကို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဖြင့် တိုက်ထုတ်ခဲ့ကြတယ်။ အင်္ဂလိပ်တို့ ဆုတ်ခွာသွားခဲ့သော်လည်း ဂျပန်တို့ဟာ လွတ်လပ်ရေးပေးမယ့်ကတိကို ပျက်ကွက်ခဲ့တဲ့ အပြင် ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်လာခဲ့တာကြောင့် တို့တပ်မတော်အနေနဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်မှာ သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးကြီးကို တိုင်းရင်းသားပြည်သူလူထုနဲ့အတူ လက်တွဲဆင်နွှဲခဲ့ကြတယ်။ အဲဒီနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယနေ့ဆိုလျှင် ၇၈ နှစ်ပင် ပြည့်မြောက်ခဲ့ပြီ ဖြစ်တယ်။
ရဲဘော်တို့
ယနေ့မြန်မာ့တပ်မတော်ရဲ့ အမြုတေတပ်မတော်အဖြစ် စတင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ဟာ ၁၉၄၂ ခုနှစ်မှာ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)၊ ၁၉၄၃ ခုနှစ်မှာ ဗမာ့အမျိုးသားတပ်မတော် (BNA)၊ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လမှာ မျိုးချစ်ဗမာ့တပ်မတော် (PBF) နဲ့ စက်တင်ဘာလမှာ ဗမာ့တပ်မတော် (Burma Army) အဖြစ် အဆင့်ဆင့် အမည်ပြောင်းလဲဖွဲ့စည်းခဲ့တယ်။ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ မျိုးချစ်ဗမာ့တပ်မတော်ဟာဆိုရင်လည်း ပြည်သူလူထုနဲ့အတူလက်တွဲပြီး ဖက်ဆစ်ဂျပန်တို့ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တယ်။ ဒါ့ကြောင့် တို့တပ်မတော်ဟာ ဘယ်လိုပင် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းသော်လည်း ပြည်သူလူထုနဲ့အတူ လက်တွဲပြီး တိုင်းတစ်ပါးအုပ်စိုးမှုအောက်မှ မြန်မာနိုင်ငံကို လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်လည်းဖြစ်တယ်။
ရဲဘော်တို့
တို့နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ နယ်ချဲ့အင်္ဂလိပ် တွေနဲ့ ဖက်ဆစ်ဂျပန်တို့ရဲ့ မြေစာပင်ဖြစ်ခဲ့ရသလို လွတ်လပ်ရေး ရရှိချိန်မှာလည်း နိုင်ငံထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ မျှော်မှန်းခဲ့ကြပေမယ့် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများနဲ့ မမျှော်လင့်ဘဲ ကြုံတွေ့လာခဲ့ရတယ်။ အဲ့ဒီ လက်နက်ကိုင်သောင်းကျန်းမှုတွေဟာ ၁၉၄၉ ခုနှစ်ဝန်းကျင်မှာ အဆိုးရွားဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပြီး ရန်ကုန်အစိုးရလို့ပင် လှောင်ပြောင်ခေါ်ဆိုခံရတဲ့ အခြေအနေအထိ ဖြစ်ပေါ်ခဲ့ရတယ်။
တို့တပ်မတော်အနေနဲ့ ပြည်တွင်းရောင်စုံသောင်းကျန်းသူ များကို နှိမ်နင်းနေစဉ်မှာပဲ တရုတ်ဖြူ(ကူမင်တန်)နဲ့ မူဂျာဟစ် ကုလားဆိုးသောင်းကျန်းမှုစတဲ့ ပြည်ပကျူးကျော်မှုများကိုလည်း နှိမ်နင်းခဲ့ရတယ်။ ဒါ့အပြင် ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် တို့မှာဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံတော်မှာ အန္တရာယ်ကြီးမားတဲ့ အရေး ကိစ္စတွေ ကြုံတွေ့လာတဲ့အချိန်များမှာလည်း တပ်မတော်အနေနဲ့ မှန်ကန်တဲ့ ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်တို့နဲ့အတူ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။ ဒါ့အပြင် တပ်မတော်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးရန်ပြုလာတဲ့ သောင်းကျန်းသူများအား အောင်မြင်စွာ တိုက်ခိုက်ချေမှုန်းနိုင် ခဲ့တယ်။ ဒါ့ကြောင့် တို့တပ်မတော်ဟာ ယနေ့အချိန်အထိ နိုင်ငံတော်အပေါ် ကျရောက်လာတဲ့ ရန်စွယ်ဟူသမျှကို ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးနိုင်ခဲ့တယ်ဆိုတာ ဂုဏ်ယူစွာနဲ့ ပြောကြားလိုတယ်။
ရဲဘော်တို့
တို့တပ်မတော်ဟာ လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက် ဆက်မှာ နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်နဲ့ ပြည်သူတို့ရဲ့ လိုအင်ဆန္ဒ များကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့တယ်။ ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလမှာ တပ်မတော်ဟာ အိမ်စောင့်အစိုးရတာဝန်ကို ရယူပြီး လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ သောင်းကျန်းသူနှိမ်နင်းရေးနဲ့ လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးရေး စတဲ့နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီကိုဖွဲ့စည်းပြီး နိုင်ငံတော်တာဝန်ကို ရယူခဲ့ချိန်မှာလည်း အဲဒီခေတ်ကာလ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ နိုင်ငံတော်ကို တည်ဆောက် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီတောင်းဆိုမှုနဲ့အတူ ဆူပူဆန္ဒပြမှုများ ပြင်းထန် လာမှုကြောင့် အစိုးရပြိုကွဲသွားပြီး တပ်မတော်က နိုင်ငံတော်တာဝန် အရပ်ရပ်ကို စောင့်ရှောက်ရယူခဲ့ရချိန်မှာလည်း တပ်မတော်ဟာ ပြည်သူတို့ရဲ့ လိုအင်ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် ထူထောင် နိုင်ရေးအတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်များကို ချမှတ်ပေး ခဲ့တယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့တဲ့အပြင် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပ ခဲ့ပြီး အနိုင်ရရှိတဲ့ပါတီထံ နိုင်ငံ့တာဝန်အရပ်ရပ်ကို အဆင်ပြေ ချောမွေ့စွာ လွှဲပြောင်းပေးနိုင်ရေး ကမကထပြု ဆောင်ရွက်ပေး နိုင်ခဲ့တယ်။
ရဲဘော်တို့
တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဟာ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ သဘောဆန္ဒအရ ရေးဆွဲထားခြင်းမဟုတ်ဘဲ အမျိုးသားညီလာခံတစ်ရပ်ကျင်းပပြီး ကိုယ်စားလှယ် ၁,၀၀၀ ကျော်ပါတဲ့ အစုအဖွဲ့ ၈ ဖွဲ့နဲ့ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးရေးဆွဲခဲ့ကြတာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဟာ ပြည်သူလူထုရဲ့ တစ်ခဲနက်ထောက်ခံမှုနဲ့ ပေါ်ထွန်းလာတာကြောင့် ပြည်သူတစ်ရပ်လုံးက လေးစားလိုက်နာ ရမှာဖြစ်သလို ပြည်သူကပေါက်ဖွားလာတဲ့ တို့တပ်မတော်သားတွေ အနေနဲ့လည်း လိုက်နာစောင့်ထိန်းရမှာဖြစ်တယ်။ လက်ရှိကျင့်သုံး နေတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရဲ့ ပုဒ်မ ၂၀ (စ) မှာ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်” လို့ အတိအလင်း ပြဋ္ဌာန်းထားတာကို တွေ့ရှိရမှာပဲဖြစ်တယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ရပ်တည် နေခြင်းတို့ဟာ ဒီမိုကရေစီနည်းလမ်းတကျ ပေါ်ထွက်လာတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တာ၊ တစ်နည်းအားဖြင့် ပြည်သူလူထု လိုလားတောင့်တတဲ့ ဒီမိုကရေစီကို ထိန်းသိမ်း စောင့်ရှောက် နေတာပဲဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာပြောကြား လိုတယ်။
ရဲဘော်တို့
အင်အားကြီးနိုင်ငံများရဲ့ အားပြိုင်မှုများမှတစ်ဆင့် ဖြစ်ပေါ် လာနိုင်ဖွယ်ရှိတဲ့ ပဋိပက္ခများဟာ “တောင်လဲရာ မြက်ပြတ်” ဆိုတဲ့ စကားပုံအတိုင်း နိုင်ငံငယ်များအပေါ် သက်ရောက်မှုများ ဖြစ်ပေါ် လာနိုင်တဲ့အတွက် နိုင်ငံတကာရေးရာများကို မျက်ခြည်မပြတ် လေ့လာပြီး ကိုယ့်နိုင်ငံရှင်သန်ရပ်တည်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုများ အမြဲလုပ်ဆောင်နေရမှာဖြစ်တယ်။ တို့နိုင်ငံအနေနဲ့လည်း ကာကွယ်ရေး ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် တပ်မတော်ကို သမားရိုးကျစစ်ပွဲ ဆင်နွှဲနိုင်ပြီး တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော် (Standard Army) အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက် လျက်ရှိတယ်။ အနာဂတ်တပ်မတော်ကို Standard Army အဖြစ် တည်ဆောက်ရာမှာ တပ်များကို ခေတ်နဲ့ကိုက်ညီအောင် လုပ်ဆောင် လျက်ရှိတယ်။ တပ်မတော်သားအဆင့်အတန်းအားလုံးအနေနဲ့လည်း လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုနိုင်ဖို့နဲ့ သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်မှာ ကျွမ်းကျင်ဖို့အတွက် လေ့ကျင့်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမှာဖြစ်တယ်။ အဲဒီလိုလေ့ကျင့်တဲ့နေရာမှာ စစ်သည်တစ်ဦးချင်း လေ့ကျင့်ရေးနဲ့ တပ်ဖွဲ့လိုက်လေ့ကျင့်ရေးများ ပါဝင်ပြီး လေ့ကျင့်ရေးမူဝါဒများနဲ့အညီ ဆောင်ရွက်သွားဖို့ လိုအပ်တယ်။ စစ်သည်တိုင်း မိမိတို့တစ်ဦးချင်း နေ့စဉ်လုပ်ဆောင် ရမယ့် လုပ်ငန်းတာဝန်တွေကို မှန်မှန်ကန်ကန် လုပ်ဆောင်နေ ခြင်းဟာလည်း လေ့ကျင့်ရေးဆောင်ရွက်နေတာပဲ ဖြစ်တယ်။ တပ်မတော်ရဲ့ အရည်အချင်းဟာ လူတစ်ဦးစီရဲ့ စွမ်းရည်ပေါ်မှာ အခြေခံပြီး စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနဲ့ ပေါင်းစပ်ရတာ ဖြစ်တဲ့အတွက် တစ်ဦးချင်းစွမ်းရည်မြင့်မားရေးကို အလေးအနက်ထား လုပ်ဆောင်ကြဖို့ တိုက်တွန်းမှာကြားလိုတယ်။
ရဲဘော်တို့
စည်းလုံးညီညွတ်ခြင်းဟာ အင်အားကိုဖြစ်စေတယ်။ ဒါ့ကြောင့် တပ်မတော် အင်အားတောင့်တင်းခိုင်မာမှုရှိရေးအတွက် တပ်တွင်း စည်းလုံးညီညွတ်ရမှာဖြစ်သလို နိုင်ငံ့အင်အား တောင့်တင်း ခိုင်မာမှုရှိရေးအတွက် တပ်မတော်နဲ့ပြည်သူ စည်းလုံးညီညွတ် နေဖို့ တိုင်းရင်းသားပြည်သူများရဲ့ သားသမီးများဖြစ်တဲ့ ရဲဘော်တို့ဟာ တပ်ပြင်စည်းရုံးရေးကိုလည်း အလေးထား လုပ်ဆောင်ကြရမယ်။
တပ်မတော်သားများအနေနဲ့ ပြည်သူလူထုအပေါ် ပြုကျင့် ရမယ့်ကျင့်ဝတ် ၁၀ ပါးနဲ့အညီ နေထိုင်ကျင့်ကြံပြီး ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးရမှာပဲ ဖြစ်တယ်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့အတိုင်း နိုင်ငံတော်ကို ဘက်ပေါင်းစုံကာကွယ်နိုင်ဖို့ဟာ ပြည်သူလူထုရဲ့ တစ်ခဲနက်ပူးပေါင်းပါဝင်မှသာ ခိုင်မာမယ်။ ပြည်သူတို့ရဲ့ လူမှုစီးပွား ဘဝလုံခြုံမှသာ ပြည်သူများကလည်း စိတ်ရောကိုယ်ပါ လက်တွဲ ဆောင်ရွက်နိုင်မှာဖြစ်လို့ ပြည်သူတို့အပေါ် ကျရောက်လာနိုင်တဲ့ ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်မဆိုင်းဘဲ ကာကွယ်ဆောင်ရွက် ပေးကြရမယ်။ ဒေသအလိုက်ရှိတဲ့ ခေါင်းဆောင်များက ဒေသနဲ့ နိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်ကို အမြဲလေ့လာသုံးသပ်ပြီး ဆောင်ရွက်သင့်တာများ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်။ ဒီနေရာမှာ “လူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိ”၊ “ကျန်းမာရေးသည် အဓိက၊ ကျန်းမာမှ ပညာသင်ကြား နိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်” ဆိုတဲ့အတိုင်း မိမိတို့ တိုင်းရင်းသားပြည်သူအပေါင်းကို ကာကွယ်စောင့်ရှောက်ကြရမယ်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရက အားသွန်ခွန်စိုက် ဆောင်ရွက်နေတဲ့နေရာမှာ တို့တပ်မတော်သားတွေဟာ ကျရာနေရာ အခန်းကဏ္ဍက ပါဝင်ကူညီဆောင်ရွက်သွားဖို့ ပြောကြားလိုတယ်။
ရဲဘော်တို့
ကမ္ဘာ့နိုင်ငံအသီးသီးဟာ နိုင်ငံရဲ့ ပထဝီအနေအထား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ စတဲ့အကြောင်းအချက်အလက်တွေ အပေါ်မူတည်ပြီး မိမိနိုင်ငံနဲ့ သင့်လျော်တဲ့ နိုင်ငံရေးစနစ်တစ်ခု ချမှတ်လျှောက်လှမ်းနေကြတာပဲ ဖြစ်တယ်။ မည်သည့်နိုင်ငံရေး စနစ်ကို လျှောက်လှမ်းသည်ဖြစ်စေ နိုင်ငံတည်ငြိမ်အေးချမ်းမှု ရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာပဲ ဖြစ်တယ်။ ဒီမိုကရေစီ ဆိုတာ ပြည်သူတစ်ရပ်လုံး အကြားအလပ်မရှိ ပါဝင်ဖော်ဆောင် ရခြင်းဖြစ်တာကြောင့် ကဏ္ဍအသီးသီးမှာ တည်ငြိမ်အေးချမ်းမှု အရေးကြီးပြီး ဒီလိုဆောင်ရွက်ဖို့အတွက် ကြိုးပမ်းရာမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ကြဖို့ လိုအပ်မှာပဲ ဖြစ်တယ်။
ရဲဘော်တို့
နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ပြီးထမ်းဆောင်နေတဲ့ တို့တပ်မတော်သားတွေဟာ ငြိမ်းချမ်းရေးကို အလိုလားဆုံးအဖွဲ့အစည်းပဲဖြစ်တယ်။ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့တာနဲ့အညီ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ် ကမ်းလှမ်းခဲ့တယ်။ အဲဒီလိုဖိတ်ခေါ်ခဲ့ရာမှာ ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ လက်မှတ်ရေးထိုးခြင်းမပြုရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့တို့မှ ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းစွာ လျှောက်လှမ်းနိုင်မဲ့ ရလဒ်များကိုလည်း ဖော်ဆောင် နိုင်ခဲ့တယ်။ NCA ပါ သဘောတူညီချက်တွေဟာ ပြည်ထောင်စုနဲ့ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေးရှုထားတာဖြစ်တယ်။ ဒါဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားများအပေါ် အာမခံထားခြင်းပဲဖြစ်တယ်။ ဒါ့ကြောင့် နယ်ချဲ့တို့ရဲ့ အမွေဆိုးဖြစ်တဲ့ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုတွေကို ဖယ်ရှားရမယ်။ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး မတူညီတဲ့အယူအဆတွေကို တူညီတဲ့ ဘုံသဘောထားတွေနဲ့ ပေါင်းစည်းကြဖို့ လိုအပ်တယ်။
ငြိမ်းချမ်းရေးဆွေးနွေးရာမှာလည်း တစ်ဖက်နဲ့တစ်ဖက် သဘောထားကြီးစွာနဲ့ ဆွေးနွေးဆောင်ရွက်သွားဖို့ လိုအပ်သလို နိုင်ငံတော်အတွက် ဖြစ်နိုင်သည်များနဲ့ ဖြစ်သင့်သည်များကို ချိန်ထိုးပြီး အကောင်းဆုံးဖြစ်အောင် ဆွေးနွေးအဖြေထုတ်ရမှာပဲ ဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ နိုင်ငံရေးရဲ့ အစိတ် အပိုင်းတစ်ရပ်ဖြစ်သော်လည်း နိုင်ငံရေးရဲ့ လက်နက်တစ်ခု မဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနဲ့ အမျိုးသားအကျိုးစီးပွား အတွက် အဓိကဦးတည်လုပ်ဆောင်မှသာ အနာဂတ်နိုင်ငံ တည်ဆောက်ရေးကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားလိုတယ်။ ယနေ့အချိန်အထိ တပ်မတော် အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်း ရေးစားပွဲဝိုင်းသို့ လာရောက်နိုင်အောင် အစဉ်အမြဲ တံခါးဖွင့်ပေး လျက်ရှိတယ်။
ရဲဘော်တို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဟာ ယခင် NLD အစိုးရရဲ့ ရွေးကောက်ပွဲမဲမသမာမှုမှတစ်ဆင့် နိုင်ငံတော် အာဏာအား မသမာတဲ့နည်းလမ်းနဲ့ အဓမ္မရယူကြိုးပမ်းခဲ့တာကို တားဆီးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး ပေါ်ပေါက်လာတဲ့ အစိုးရ ဖြစ်တယ်။ နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန် အစပိုင်းမှာ ဆူပူမှု များသာ ကြုံတွေ့ခဲ့ရပေမယ့် နောက်ပိုင်းမှာ အကြမ်းဖက်သမား တွေက အပြစ်မဲ့ပြည်သူများ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အခြားသော နေရာများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်လာ တာကို တွေ့ရှိရမှာပဲဖြစ်တယ်။ ဒီမိုကရေစီအပေါ် သဘောထား ကွဲလွဲမှုကြောင့် လုပ်ဆောင်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မည်သည့်နိုင်ငံအစိုးရကမှ ခွင့်ပြုမှာမဟုတ်တဲ့အပြင် ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းနဲ့လည်း ရရှိနိုင်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုများဟာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ ဖွဲ့စည်းခဲ့တဲ့ NUG က ပေါက်ဖွားလာတဲ့ PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနဲ့ ၎င်းတို့ကို ကူညီနေတဲ့ အချို့သော EAO များရဲ့ နိုင်ငံအပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုများသာဖြစ်တယ်။ အကြမ်းဖက်သမားများရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုများဟာ အစိုးရ တစ်ရပ်အတွက် နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်ရဲ့ ရှေ့ဆက် လျှောက်လှမ်းမယ့် အမျိုးသားအကျိုးစီးပွားများ နစ်နာဆုံးရှုံးခြင်း ဖြစ်တာကို နားလည်သဘောပေါက်ဖို့ လိုအပ်မှာပဲဖြစ်တယ်။
တို့တပ်မတော်အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့အညီ “နိုင်ငံတစ်ဝန်းရှိ ပြည်သူများရဲ့ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန် အလေးထား လုပ်ဆောင်သွားမှာပဲ” ဖြစ်တယ်။ အဲလိုလုပ်ဆောင် ရာမှာ NUG နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုး နေတဲ့ EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။
ဒါ့ကြောင့် ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလမှာ အရေးကြီးတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့် သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက်လျက်ရှိတယ်။ ဒါဟာ ပြည်သူ များကို ထိန်းချုပ်ကန့်သတ်ခြင်းမဟုတ်ဘဲ ဒေသခံပြည်သူလူထု အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ဆောင်ရွက်နေကြတဲ့ အကြမ်းဖက်သမားများရဲ့ လုပ်ဆောင်ချက်တွေကို ထိရောက်စွာ ထိန်းချုပ်နိုင်ဖို့ပဲဆိုတာ ထည့်သွင်းပြောကြားလိုတယ်။
ရဲဘော်တို့
နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ရဲ့ နောက်ဆုံး အချက်မှာ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ် နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုတဲ့အချက်ကို အတိအလင်း ဖော်ပြထားပြီးဖြစ်တယ်။ ရွေးကောက်ပွဲကို ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်ပြီး တရားမျှတစွာနဲ့၊ ပြည်သူများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရေး၊ အကြား အလပ်မရှိ မဲပေးနိုင်ရေးကို ဆောလျင်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် အဓိက လိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးပဲ ဖြစ် တယ်။ အထွေထွေ ရွေးကောက်ပွဲဟာ ပြည်သူများက သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက် အတွက် မဲပေးရွေးချယ်တင်မြှောက်ခြင်း ဖြစ်တယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ပြီးစလွယ်လုပ်လို့မရနိုင်ဘူး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပြုလုပ်တဲ့နေ့မှာ ပြည်သူအပေါင်းက ယုံကြည်စွာ မဲပေးခဲ့ပေမဲ့ တိုင်ကြားမှုများစွာရှိခဲ့ပြီး စစ်ဆေးဖော်ထုတ်ရာမှာ မဲစာရင်းများ မသမာမှုပြုလုပ်ခဲ့မှု၊ မဲပေးရာမှာ အမျိုးမျိုးအဖုံဖုံ မသမာမှုများနဲ့ မဲပေးခဲ့ကြမှုများပေါ်ပေါက်တာကြောင့် မြန်မာ့ ဒီမိုကရေစီသမိုင်းတစ်လျှောက်မှာ အလွန်အကျည်းတန်ခဲ့ရတယ်။ နောက်ဆက်တွဲဖြစ်ပေါ်လာမှုများဟာ နိုင်ငံအတွက် ကြီးမားတဲ့ သင်ခန်းစာဖြစ်ခဲ့ရလို့ အလားတူမဖြစ်ရလေအောင် ဆောင်ရွက် သွားကြရမယ်။ အထွေထွေရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ရွေးကောက်ပွဲဖြစ်သလို အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို ပုံဖော် ဖန်တီးသွားမှာဖြစ်လို့ တို့တစ်တွေအားလုံး အသိတရားရှိရှိ အမြော်အမြင်ကြီးစွာနဲ့ ဆောင်ရွက်ကြဖို့လိုမယ်။ အကြမ်းဖက် အားပေးနိုင်ငံအချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူ တချို့က နိုင်ငံတည်ငြိမ်မှုပျက်ပြားအောင်ပြုလုပ်ပြီး ပြစ်မှု ကျူးလွန်တဲ့ CRPH ၊ NUG နဲ့ ၎င်းတို့လက်ဝေခံ PDF အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို မဖော်ပြဘဲ အစိုးရအပေါ် ပြစ်တင်ဝေဖန် နေတာဟာ အလွန်ပဲလွဲမှားနေတယ်။ NUG နဲ့ ၎င်းတို့လက်ဝေခံ PDF တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းအောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရ အနေနဲ့ နိုင်ငံကိုဖျက်ဆီးနေတဲ့ ပြည်သူကိုသတ်နေတဲ့ ဒီအကြမ်း ဖက်အဖွဲ့ကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားရမှာပဲဖြစ် တယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီမိုကရေစီလမ်း ကြောင်းမှန်ပေါ်သို့ ခိုင်မာစွာလျှောက်လှမ်းနိုင်ရန်အတွက် လက်ရှိအစိုးရရဲ့ ကြိုးပမ်းလုပ်ဆောင်မှုများကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများရဲ့ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လေးစားပြီး အပြုသဘောဆောင်စွာ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ဒီနေရာကနေတစ်ဆင့် တိုက်တွန်းပြော ကြားလိုတယ်။ တို့နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အားလျော်စွာ အာဆီယံနဲ့ဆိုင်တဲ့ အရေးကိစ္စများကို အာဆီယံ စိတ်ဓာတ်၊ အာဆီယံအမြင်၊ အာဆီယံ ပဋိညာဉ်တို့နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြား လိုတယ်။
ရဲဘော်တို့
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက် ရာမှာ အဓိကအခြေခံအချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည် သွားမှာပဲဖြစ်တယ်။ အဲဒီကနေတစ်ဆင့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ဖြစ်တဲ့ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေးနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက် ရှိရာမှာ တို့တပ်မတော်ကလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်သွားရမှာပဲဖြစ်တယ်။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူက သူတို့ကိုကိုယ်စားပြုတဲ့သူတွေကို ကိုယ်တိုင်ရွေးချယ်တဲ့ အုပ်ချုပ် ရေး စနစ်ဖြစ်ပြီး ဖက်ဒရယ်ဆိုတာ တိုင်းဒေသကြီးတွေ၊ ပြည်နယ် တွေ၊ လူမျိုးတွေကို စုစည်းလုပ်ကိုင်ရာမှာ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရားဖြစ်တယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသား လူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် လက်ရှိ ရွေးကောက်ပွဲမှာ ကျင့်သုံးနေတဲ့ ဦးသူအနိုင်ယူ (FPTP-First Past The Post) စနစ်အပြင် အချိုးကျကိုယ်စားပြုစနစ် (PR-Proportional Representation) ကိုလည်း ပေါင်းစပ်ကျင့်သုံး ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အဲဒီအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အတိုင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်။
ရဲဘော်တို့
တို့တပ်မတော်အနေနဲ့ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ခိုင်ခိုင်မာမာအာမခံထားပြီး ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူများဖြစ်တဲ့ ပုဒ်မ ၆၊ ပုဒ်မ ၇၊ ပုဒ်မ ၈ တို့မှာပါဝင်တဲ့ ဒို့တာဝန်အရေး (၃)ပါး၊ ပါတီစုံဒီမိုကရေစီ စနစ်၊ ပြည်ထောင်စုစနစ်တို့ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ပုဒ်မ ၂၀ (စ)အရ တပ်မတော်မှာ အဓိကတာဝန်ရှိတယ်လို့ ဖော်ပြ ထားပြီးဖြစ်တယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ မည်သည့်ခေတ်၊ မည်သည့်အစိုးရပင်ဖြစ်စေ “ပြည်သူသာအမိ၊ ပြည်သူသာအဖ” လို့ ခံယူပြီး နိုင်ငံတော်ကို ပါတီစုံစနစ်ပေါ်မှာ ခိုင်ခိုင်မာမာရပ်တည် နိုင်ဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသူနဲ့ ပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ Guardian အဖြစ် အစဉ်အမြဲ ဆက်လက်တည်ရှိနေမှာဖြစ် ကြောင်း ပြောကြားလို တယ်။
ရဲဘော်တို့
နိဂုံးချုပ်အနေနဲ့ (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက် များဖြစ်တဲ့-
- ဒို့တာဝန်အရေး(၃)ပါးကို အပြည့်အဝအောင်မြင်စွာ ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကာကွယ်စောင့်ရှောက်ရေးတို့အား တပ်မတော်၏ အဓိကတာဝန်အဖြစ် ထမ်းဆောင်ရေး။
- ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းကို လျှောက်လှမ်း ရာတွင် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးသည် ပကတိလိုအပ်ချက်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအပေါ် အခြေခံ၍ ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်ရေး။
- နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်ချိန်တိုင်းတွင် ကျရာ အခန်းကဏ္ဍများမှ အားသွန်ခွန်စိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရေး။
- ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေး အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက် ပေးရေး။
ဆိုတဲ့ ဦးတည်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက် သွားကြပါလို့ မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။