news

အများသိစေရန် ကြေညာခြင်း

 

၁။      ၂၀၂၂ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)၊ (၅၄/၂၀၂၂)၊ (၆၃/၂၀၂၂)၊ (၂၁၁/၂၀၂၂)၊ (၂၁၂/၂၀၂၂)၊ (၂၁၃/၂၀၂၂)၊ (၂၁၄/၂၀၂၂)၊ (၂၁၅/၂၀၂၂)၊ (၂၁၈/၂၀၂၂)၊ (၂၁၉/၂၀၂၂)၊ (၂၂၀/၂၀၂၂)၊ (၂၂၁/၂၀၂၂)တို့ဖြင့် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ သတိုးသီရိသုဓမ္မဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သူရဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ သိပ္ပကျော်စွာဘွဲ့စသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့များကို ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။

၂။       အထက်ပါ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများအား (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်မည်ဖြစ်ရာ ကိုယ်တိုင်သော်လည်းကောင်း ၊ မိသားစုဝင်တစ်ဦးမှ ကိုယ်စားသော်လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက် နိုင်ရေး  ဖိတ်ကြားဆောင်ရွက်လျက်ရှိပါသည်။

၃။      အဆက်အသွယ်ရရှိခြင်းမရှိသေးသည့် ဘွဲ့ရရှိသူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား တက်ရောက်မည့် မိသားစုဝင်တစ်ဦးမှ ဖိတ်ကြားရေးဆပ်ကော်မတီ ဖုန်းနံပါတ်(၀၆၇-၃၄၁၂၇၁၅) နှင့် (၀၆၇-၃၄၁၂၇၁၆) သို့ (၂၀-၁၂-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

            ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ ယနေ့နံနက်ပိုင်းက PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၄)ရပ်ကွက်၊ အင်းဝလမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဧည့်သည်နားနေဆောင်သို့ ရောက်ရှိနေသည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ယုဇနလမ်း၊ အမှတ်(၅၁၈) နေသူများဖြစ်သည့် ဦးဝင်းထက်ဦး (၄၃)နှစ် (ဘ) ဦးမောင်သော်တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းတို့တွင် လည်းကောင်း၊ မခင်တွယ်တာဦး(၂၀)နှစ်(ဘ)ဦးထွန်းထွန်းဦး၏ ဝဲ/ ယာခြေထောက်တို့တွင် လည်းကောင်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

            အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေးကာ တပ်မတော် ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်နေ သန္တာလတ်သည် ၎င်းအသုံးပြုသည့် “Thandar Latt” Facebook အကောင့်ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်း များ ဆောင်ရွက်ခဲ့ရပါ သည်။

            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား) ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)ရှိ Inani ကမ်းခြေတွင် ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ International Fleet Review-2022 (IFR-2022) သို့တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး သိန်းစိုး ဦးဆောင်လိုက်ပါသွားသော ဒုံးပျံတင် ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ် (၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာ သန်လျင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။   

အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ(IFR-2022) ဖွင့်ပွဲအခမ်း အနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်တက်ရောက်ခဲ့ပြီး၊ မြန်မာ့တပ်မတော်(ရေ)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် နိုင်မင်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာ ရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့် အိမ်နီးချင်းရေတပ်များမှ စစ်ရေယာဉ်များ စုပေါင်းတက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် လိုက်ပါခဲ့သော တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် နိုင်ငံတကာတပ်ဖွဲ့ဝင် များနှင့်အတူ အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2022) ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခြင်း၊ နိုင်ငံတကာ တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ စစ်ရေယာဉ်များနှင့်အတူ ပုံပြုချီတက်မောင်းနှင်ခြင်း၊ နိုင်ငံတကာရေကြောင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခြင်း၊ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်တွေ့ဆုံခြင်း၊ နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေရာတွင်ပါဝင်ဆင်နွှဲခြင်း၊ ရိုးရာအစားအစာများ တည်ခင်းဧည့်ခံပွဲတွင် ကြာဆံဟင်းခါး၊ မုန့်ကြာစေ့၊ ရွှေဖီဦးလက်ဖက်ရည်၊ နန်းမြိုင်ကော်ဖီ၊ ပုသိမ် ဟာလဝါတို့ဖြင့် တည်ခင်းဧည့်ခံခြင်း၊ ဘင်္ဂလားဒေ့ရှ်ရေတပ်ဦးစီးချုပ်မှ တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့တက်ရောက်ခြင်း၊ ကမ်းခြေ၌ကျင်းပသော ပျော်ပွဲရွှင်ပွဲများသို့ အပြည်ပြည်ဆိုင်ရာ ရေတပ်အရာရှိ၊ စစ်သည်များနှင့်အတူ တက်ရောက်ခြင်း၊ ကမ္ဘာ့အင်အားကြီးရေတပ်များ၊ ဒေသတွင်းရေတပ်များ၏ စစ်ရေယာဉ်များနှင့်အတူ သရုပ်ပြပုံပြုမောင်းနှင်ခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြကြောင်း သိရှိရသည်။

ယခုသွားရောက်ခဲ့သောခရီးစဉ်သည် မြန်မာ့တပ်မတော်(ရေ)၏ စွမ်းဆောင် နိုင်မှုအား ဖော်ထုတ်ပြသနိုင်ခဲ့ရုံသာမက နိုင်ငံတကာရေတပ်များ၊ ဒေသတွင်း ရေတပ်များနှင့် အိမ်နီးချင်းရေတပ်များအကြား တပ်မတော်(ရေ) အင်ဂျင်နီယာများ ၏စွမ်းအားနှင့် ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့သော ဒုံးပျံတင်ဖရီဂိတ် စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် ရေမိုင် ၁,၄၅၆ မိုင်ကို သွားရောက်ခဲ့ပြီး သံတမန် ရေးရာကဏ္ဍဆောင်ရွက်မှုများကိုလည်း အောင်မြင်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

တွံတေးခရိုင်၊ ငါးလုပ်ငန်း(သိပ္ပံ)ကျောင်းသစ်ဖွင့်ပွဲနှင့် ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူရေး ဒီပလိုမာသင်တန်းဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၂

          စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ငါးလုပ်ငန်း(သိပ္ပံ)ကျောင်းသစ်ဖွင့်ပွဲနှင့် ငါးလုပ် ငန်းနှင့် ရေသတ္တဝါ မွေးမြူရေးဒီပလိုမာသတင်းတန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တွံတေးမြို့နယ်ရှိ အဆိုပါသင်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ငါးလုပ်ငန်း (သိပ္ပံ)ကျောင်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့က ငါးလုပ်ငန်း(သိပ္ပံ)ကျောင်း ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ သင်တန်းကျောင်း ခန်းမ၌ အမှာစကားများ အသီးသီးပြောကြားကြသည်။ ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျောင်းသစ်ဖွင့်လှစ် ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက စာသင်ဆောင်များတွင် စာတွေ့လက်တွေ့သင်ကြားရေးအထောက်အကူပြု ပစ္စည်းများ ပြင်ဆင်ထားရှိမှုနှင့် ငါးမွေးမြူရေးပြခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ဗဟိုလမ်း၊ မြို့သစ်ရပ်ကွက်ရှိ ငုရွှေဝါလမ်းနှင့် မင်္ဂလာလမ်း နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၂

          (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် ဗဟိုလမ်းနှင့် မြို့သစ်ရပ်ကွက်၊ ငုရွှေဝါလမ်း၊ မင်္ဂလာလမ်းတို့ရှိ နိုင်လွန်ကတ္တရာလမ်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ နေရာအသီးသီး၌ ပြလုပ်ကြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းများအား အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။       

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ဒုတိယပတ်)စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်အသီးသီးတို့၌ ကျင်းပပြုလုပ်ကြသည်။

၁။      ၂၀၂၂ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)၊ (၅၄/၂၀၂၂)၊ (၆၃/၂၀၂၂)၊ (၂၁၁/၂၀၂၂)၊ (၂၁၂/၂၀၂၂)၊ (၂၁၃/၂၀၂၂)၊ (၂၁၄/၂၀၂၂)၊ (၂၁၅/၂၀၂၂)၊ (၂၁၈/၂၀၂၂)၊ (၂၁၉/၂၀၂၂)၊ (၂၂၀/၂၀၂၂)၊ (၂၂၁/၂၀၂၂)တို့ဖြင့် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ သတိုးသီရိသုဓမ္မဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သူရဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ သိပ္ပကျော်စွာဘွဲ့စသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့များကို ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။