သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်၊ကယ်ဆယ်ရေး ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု စစ်ဆေး၊ စစ်တွေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု များပြား နိုင်သော အနိမ့်ပိုင်းရပ်ကွက်များနှင့် ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား မုန်တိုင်းဒဏ်ခံကာကွယ်ရေးအဆောက်အဦ(Cyclone Shelter) များနှင့် ယာယီခိုလှုံရာ စခန်းများသို့ ကူညီရွှေ့ပြောင်း
နေပြည်တော်၊ မေ - ၁၃
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်နိုင်သည့် အခြေအနေ ရှိနေသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထား ရှိခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များအား ဇာတ်တိုက် လေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိ သည်။
































