news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်                                                        တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနား ဂုဏ်ပြုညစာစားပွဲနှင့် ပဒေသာကပွဲသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၅

          တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၅)နှစ်မြောက် စိန်ရတုနှစ် ပတ်လည်နေ့အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ပဒေသာကပွဲ အခမ်းအနား ကို ယနေ့ညပိုင်းတွင် မိတ္ထီလာ တပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

          အဆိုပါ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ) များ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ ပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၊ သူရ အုန်းခိုင်ခန်းမ၌ ကျင်းပသော တပ်မတော်(လေ)မိသားစုဝင်များက တပ်မတော်(လေ) တေးဂီတအဖွဲ့နှင့်တွဲဖက်၍ တေးသီချင်းများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေတင်ဆက် သော ဂုဏ်ပြုပဒေသာကပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိ သည်။

အများသိစေရန် ကြေညာခြင်း

၁။      ၂၀၂၂ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)၊ (၅၄/၂၀၂၂)၊ (၆၃/၂၀၂၂)၊ (၂၁၁/၂၀၂၂)၊ (၂၁၂/၂၀၂၂)၊ (၂၁၃/၂၀၂၂)၊ (၂၁၄/၂၀၂၂)၊ (၂၁၅/၂၀၂၂)၊ (၂၁၈/၂၀၂၂)၊ (၂၁၉/၂၀၂၂)၊ (၂၂၀/၂၀၂၂)၊ (၂၂၁/၂၀၂၂)တို့ဖြင့် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ သတိုးသီရိသုဓမ္မဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သူရဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ သိပ္ပကျော်စွာဘွဲ့စသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့များကို ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။

၂။       အထက်ပါ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများအား (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်မည်ဖြစ်ရာ ကိုယ်တိုင်သော်လည်းကောင်း ၊ မိသားစုဝင်တစ်ဦးမှ ကိုယ်စားသော်လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက် နိုင်ရေး  ဖိတ်ကြားဆောင်ရွက်လျက်ရှိပါသည်။

၃။      အဆက်အသွယ်ရရှိခြင်းမရှိသေးသည့် ဘွဲ့ရရှိသူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား တက်ရောက်မည့် မိသားစုဝင်တစ်ဦးမှ ဖိတ်ကြားရေးဆပ်ကော်မတီ ဖုန်းနံပါတ်(၀၆၇-၃၄၁၂၇၁၅) နှင့် (၀၆၇-၃၄၁၂၇၁၆) သို့ (၂၀-၁၂-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

 

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် အန္တရာယ်ကင်း ပရိတ်တရားနာယူ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ဒီဇင်ဘာလ ၁၅

         (၇၅)နှစ်မြောက်၊ စိန်ရတု တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ် ပြု စစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် (လေ) များ၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊စစ်သည်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ နိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်း၊ သစ္စာလေး ချက်ရွတ်ဆိုခြင်းများ ဆောင်ရွက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ)က စစ်ရေးပြတပ်ခွဲ များအား စစ်ဆေးသည်။

        ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က(၇၅)နှစ်မြောက် စိန်ရတု တပ်မတော် (လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။

    အလားတူ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ)နှစ်ပတ်လည်နေ့  အထိမ်း အမှတ်  ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား အား မိတ္ထီလာတပ်နယ်ရှိ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်တွင် ကျင်းပပြုလုပ် ရာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဒုတိယဉက္ကဌ၊ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်၊ သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကောဝိဒ အမှူးပြုသော သံဃာတော်အရှင်မြတ် (၇၅)ပါး ကြွရောက်ချီးမြှင့်တော်မူ ကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး ဒေါ်တင်မိုးနွယ်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် ဇနီး ဒေါ်မြင့်မြတ်မြတ်စိုး၊  လေတပ်စခန်းဌာနချုပ်မှူးများနှင့် ဇနီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

        ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည်  သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့်  ပရိတ် တရားတော်များအား နာယူကြသည်။

        ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး  သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြသည်။

        ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေကြပြီး နောက် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၅

          (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင် ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

          ဦးစွာ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားလူမျိုးစုအလိုက် ရိုးရာ ယဉ်ကျေးမှုယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် က ရခိုင်ပြည်နယ်နေ့ မိန့်ခွန်း ပြောကြားသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်စီမံထူးချွန်ဆု(ဒုတိယ အဆင့်၊ တတိယအဆင့်) ရရှိသူများ၊ ပြည်နယ်လယ်ယာစီးပွားထူးချွန်ဆု (ဒုတိယ အဆင့်)နှင့်ပြည်နယ်လူမှု ထူးချွန်ဆု(ဒုတိယအဆင့်)ရရှိသူများ၊ ဂုဏ်ပြုမှတ်တမ်းလွှာ ဆုရရှိသူများ၊ (၄၈)နှစ်မြောက် ရခိုင်ပြည်နေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီ   ပြိုင်ပွဲဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအး ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ၊ ဂုဏ်ပြုဆုများ အသီးသိးပေးအပ် ချီးမြှင့် ကြပြီး ရခိုင် တိုင်းရင်းသားမျိုးနွယ်စု စုပေါင်းယိမ်းအကအဖွဲ့များက “ ပြည်ထောင်စုရဲ့ ထာဝရ အလှများ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ   များ ရိုက်ကူးကြသည်။

          ယင်းနောက် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပြည်နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ စာပေနှင့်ယဉ်ကျေးမှု ပြခန်းတို့အား ကြည့်ရှုအားပေးကြသည်။

          ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့ဝင်များ သည် စစ်တွေမြို့၊ ခိုင်သဇင်ပန်းခြံတွင် ပြုလုပ်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲသို့သွားရောက်၍ ဆန်ထွက်ကုန် ပစ္စည်းများ၊ လူသုံးကုန်၊ စားကုန်၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ၊ စက်မှုထုတ်ကုန် ပစ္စည်းများ၊ အဝတ်အထည်နှင့် တိုင်းရင်းဆေးဝါးလုပ်ငန်းများ၊ ငါးလုပ်ငန်းထုတ်ကုန် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးပြီး ဌာနဆိုင်ရာများ၊ စီးပွာားရေးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ထုတ်လုပ်ဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍အဖွဲ့ဝင်များသည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး ရှိ ဓညဝတီအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ် နေ့ အထိမ်းအမှဝ် ပျော်ပွဲ/ရွှင်ပွဲ၊ အားကစားပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှုအားပေး ပြီး အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အားကစားသမားများအား တစ်ဦးချင်း လည်ဆွဲတံဆိပ် နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များနှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား(MRTV)အဖွဲ့တို့က သွားရောက် ဂုဏ်ပြုဖျော်ဖြေ

နေပြည်တော်၊ ဒီဇင်ဘာ  - ၁၅

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေး ချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာစွာဖြင့် နေ့မအား ညမနား ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မိသားစုများအပေါ် လွမ်းဆွတ်သတိရ သည့်စိတ်များ ခေတ္တခဏမျှ ပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင် ကြည်နူးစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ အဖွဲ့သားများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝ ဖြင့် ဂုဏ်ပြုဖျော်ဖြေသီဆို ကပြလျက်ရှိသည်။

          ထိုသို့ သွားရောက်ဂုဏ်ပြုသီဆိုကပြဖျော်ဖြေလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့တို့ရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်များသို့  နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်း တေးသီချင်း များဖြင့် ဖျော်ဖြေကြရာ တပ်မတော်သားများနှင့် မိသားစုဝင်များက စိတ်လက် ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ အချို့စစ်သည်များနှင့် မိသားစုများက လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုကြသည်။

ထိုကဲ့သို့ လာရောက်သီဆိုဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံ တပ်မှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဒေသထွက် လက်ဆောင် ပစ္စည်းများ ပေးအပ်ကြပြီး ဒေသထွက် အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

သထုံမြို့မှ ပဲခူး- မြို့ဟောင်း ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် မီးရထားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒေသန္တရ လက်လုပ်ရီမုမိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၅

          KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက အများပြည်သူ အသုံးပြုလျက် ရှိသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့မှ အိမ်ဆောက်ပစ္စည်းများ တင်ဆောင်လာသည့် သထုံ- ပဲခူး- မြို့ဟောင်း ခရီးစဉ်အဖြစ် ထွက်ခွာလာသည့်  အမှတ်(၂၇၂)အစုန် ကုန်ရထားတွဲဆိုင်းသည် သထုံ မြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းအကြား မီးရထားလမ်း မိုင်တိုင်(၁၂၄/၉-၁၀)သို့အရောက်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှု ကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက အဝေးထိန်းခလုတ်ဖြင့် ရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့မှုကြောင့် ကုန်ရထားတွဲ(၁၀)တွဲ လမ်းချော် တိမ်းမှောက် ခဲ့ကြောင်းသိရှိရသည်။

          ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ၎င်းတွဲဆိုင်းများပေါ်တွင် တင်ဆောင် ထားသည့် အိမ်ဆောက်ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ပြီး ရထားသံလမ်း ၂၂ ချောင်း၊ ကွန်ကရစ်ဇလီဖားတုံး ၁၈၀ တုံး၊ သစ်သားဇလီဖားတုံး ၃၀ တုံး၊ တွဲနှောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ရန်ကုန်နှင့် မော်လမြိုင်တို့မှ ထွက်ခွာမည့် အမြန်ရထား ခရီးစဉ်(၆)ခုတို့အား ဖျက်သိမ်းခဲ့ရသဖြင့် ခရီးသွားပြည်သူ ၄၅၀၀ ဦးခန့် အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

          အဆိုပါ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲမှုကြောင့်  မီးရထားသံလမ်းများ ပျက်စီး ခဲ့ရသည့်အတွက် မီးရထားလမ်းပိုင်းအား အမြန်ဆုံးဖွင့်လှစ် ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူ ပြန်လည်ပြုပြင် မှုများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူ အသုံးပြု လျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ဖောက်ခွဲ ဖျက်ဆီးခဲ့သော KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ယနေ့ထိ မီးရထားလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း(၁၀၂)ကြိမ်၊ မီးရထား လမ်းတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း(၃၄)ကြိမ်နှင့် မီးရထားဘူတာ များအား မီးရှို့ဖျက်ဆီးခြင်း စုစုပေါင်း(၉)ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယခုကဲ့သို့ အများ ပြည်သူ အသုံးပြုလျက်ရှိသည့် ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ရထားခရီးစဉ်များ၊ ရထားလမ်းများ၊ တံတားများ၊ ဘူတာများကို ယုတ်မာ ရက်စက် စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြသည့် KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများအား ပြည်သူတစ်ရပ်လုံးမှ ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းသတင်းရရှိသည်။

PDF အမည်ခံအကြမ်းဖက်သမားများက ပုလောမြို့နယ်၊ တိုရွာအခြေခံပညာအထက်တန်းကျောင်းခွဲ ၌ ကျောင်းသား၊ ကျောင်းသူများ ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးနေမှုအား နှောင့်ယှက်ဖျက်ဆီး

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

            NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမား များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်၊ စာသင်ပေသင်ကြားခြင်း မပြုလုပ်နိုင်ရန်နှင့် ၎င်းတို့အား ထောက်ခံ အားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် နည်းလမ်းမျိုးစုံ အသုံး ပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

            ထိုသို့နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ဒီဇင်ဘာလ ၁၄ ရက် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၂) ရပ်ကွက်(ဒေသအခေါ်-တိုရွာ)ရှိ တိုရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ ပညာသင်ကြားလျက်ရှိသော Grade-3 မှ Grade-11 အထိ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဦးခန့်တို့အား ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးမှုအား ဆရာ၊ ဆရာမ ၂၃ ဦးတို့က ကြီးကြပ် ဆောင်ရွက်လျက်ရှိနေစဉ် နံနက် ၁၀ နာရီခန့်တွင်  PDF အမည်ခံအကြမ်းဖက်သမား  ၄ ဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး လက်နက်များ ကိုယ်စီကိုင်ဆောင်ကာ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်၍ စာမေးပွဲစစ်ဆေးမှုအား ဆက်လက်ပြုလုပ်ခြင်းမပြုရန် ခြိမ်းခြောက်အကြပ်ကိုင်ပြီး ကျောင်းဝင်း အတွင်းမှ ထွက်ခွာသွားရန် မောင်းထုတ်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များက ကျောင်းအတွင်းမှ ထွက်ပြေးရှောင်တိမ်းခဲ့ရကြောင်း သိရှိရသည်။

              အကြမ်းဖက်သမားများ၏ နှောက်ယှက်ခြိမ်းခြောက်မှုကြောင့် ပထမနှစ်ဝက်စာမေးပွဲ စစ်ဆေးမှုအား ခတ္တရွှေ့ဆိုင်းထားခဲ့ရကြောင်းနှင့် ပြန်လည်ကျင်းပနိုင်ရေး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

            ဖြစ်စဉ်တွင် စာမေးပွဲဖြေဆိုမှု မပြုလုပ်နိုင်ရေး ခြိမ်းခြောက်အကြပ်ကိုင်သူ အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်နေ နေလင်းထက်သည် ၎င်းအသုံးပြုသည့် “Nay Linn Htet” Facebook အကောင့်ဖြင့် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ ရပါသည်။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံ ကျေးရွာ၊ နမ့်ကျို(မလိခ)မြစ်ကမ်းနံဘေးတွင် တည်ထားကိုးကွယ်သည့် ရှေးဟောင်း သမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၅၂၃ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇)ခရိုင်တို့၌ ဒေသခံပြည်သူ ၃၅၂၇ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဒေသခံပြည်သူ ၂၄၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။