တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ် မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ယနေ့တွင်လည်း PDF အမည်ခံအကြမ်းဖက်သမားများက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဘာဘူကုန်းကျေးရွာအတွင်းသို့ ကျေးရွာ၏မြောက်ဘက် သုံးမိုင်ခန့် အကွာ အမြင့် မီတာ ၅၀၀ ခန့်မှနေ၍ Drop Bomb ဖြင့် ၂ ကြိမ် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူ အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက်(၆)နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးတို့အား ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း၊ ထိုသို့ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိ အောင်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာသော လုပ်ရပ်များ အား ဒေသခံပြည်သူများအနေဖြင့် လက်မခံနိုင်ဘဲ ကန့်ကွက်ရှုတ်ချလျှက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။