news
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool ဦးဆောင်သည့်အဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် တောင်ကြီး မြို့ရှိ ပင်လုံရိပ်သာ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြ အရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
ရခိုင်ပြည်နယ်၊ စစ်တွေ၊ မင်းပြား၊ မြောက်ဦးတပ်နယ်တို့ရှိ နယ်မြေခံတပ်များ သို့ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် စိုက်ပျိုး/ မွေးမြူရေး ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသကြသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက် ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယနေ့တွင် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉ၊ ဘဲဉ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွပ် ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန် အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက တစ်ခဲနက်ဝယ်ယူခဲ့ကြကြောင်းနှင့် ယခုကဲ့သို့ စာရေးအခက် အခဲဖြစ်ပေါ်နေချိန်တွင် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန် ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားကြခဲ့ကြောင်း သတင်းရရှိ သည်။
ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်အမိုးသွပ်များ ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇ မဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ ကြွရောက်တော်မူပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် စစ်တောတပ်နယ်ရှိ နယ်မြေခံရေတပ်စခန်းများအား သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်ရှိ မိသားစုနေအိမ်လိုင်းခန်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးများအား ကြည့်ရှုစစ်ဆေးခြင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ပြီး ငါးမွေးမြူရေးကန်၊ ဒေသဆိတ်မွေးမြူရေးခြံ၊ DYL ဝက်မွေးမြူရေးခြံ၊ ကာကီကင်းဘဲ မွေးမြူရေးခြံ၊ နို့စားနွားမွေးမြူရေးခြံ၊ ဥစားကြက်မွေးမြူရေးခြံ၊ Green House စိုက်ပျိုးရေးခြံနှင့် ရာသီသီးနှံစိုက်ခင်းတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။ ၎င်းနောက် နဂါးမော်ဆည်သို့သွားရောက် ကြည့်ရှုစစ်ဆေး၍ ဆည်ရေဝင်ရေလဲကောင်းမွန်စေရေး၊ မိုးရာသီတွင် ရေပိုမို သိုလှောင်စုဆောင်းနိုင်ရန် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။