ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်း အစည်းအဝေးပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဩဂုတ် - ၂
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် “ကျွန်တော် တို့ ကိုဗစ်အစည်းအဝေး ပြုလုပ် လာတာတော့။ ဒါတော့ ကျွန်တော် ဦးဆောင်ပြီး လုပ်တာတော့ အစည်းအဝေး (၆)ကြိမ်မြောက်ဖြစ်သွားပြီ။ လုပ်ငန်းလည်း တော်တော် လေး အရှိန်အဟုန်နဲ့ လုပ်နိုင်တဲ့အတွက်ကြောင့် ကိုဗစ်နဲ့ပတ်သက်လို့ရှိရင် ကျွန်တော် တို့ အတိုင်းအတာ တစ်ခုအထိတော့ ထိန်းထားနိုင်တာတွေ့တယ်။ ပြည်နယ်နှင့် တိုင်းတွေအလိုက် ဆောင်ရွက်နိုင်တာတွေ ကျွန်တော်တို့တွေ့ပါတယ်။ Monitor လည်း တောက်လျှောက် လုပ်နေတာပေါ့။ ကြားထဲမှာလည်း ဒုတပ်ချုပ်၊ ဒုဥက္ကဋ္ဌ ဦးဆောင်တဲ့ ကော်မတီ ကလည်း တောက်လျှေက်ကို အနီးကပ်မှာကြားပေးနေတဲ့ အတွက်ကြောင့် နေ့စဉ်နှင့်အမျှပေါ့၊ ဒါတွေအားလုံးကလည်း ဖြေရှင်းဆောင်ရွက်ပေးနေတဲ့ အတွက် ကြောင့် အောင်မြင်မှုတွေလဲ၊ အဆင်ပြေမှုတွေလဲရှိပါတယ်။ သို့သော် အားလုံး ပြီးပြည့်စုံပြီလား ဆိုတော့လည်း ပြီးပြည့်စုံပြီတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဇူလိုင်လကနေ စပြီးတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး၊ ဒုတိယအပတ်ပေါ့။ ဒုတိယပတ် ပြီးတဲ့အချိန်ကနေစပြီးတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ထိန်းလိုက်တဲ့အခါမှာ ဒီ စကြေညာ ခါစမှာတော့ ဖြစ်နှုန်း တွေတော်တော်လေးများပါတယ်။ သို့သော်လည်းပဲ တစ်ဖြည်း ဖြည်း ကျလာတာ တောက်လျှောက်ကို ဆင်းလာတဲ့ အတွက်ကြောင့် ၃၀ ရာခိုင်နှုန်း အထက်လောက်အထိပဲ ကျွန်တော်တို့ရှိတော့တယ်။ ကျွန်တော်ပြီးခဲ့တဲ့ အစည်းအဝေး မှာလည်း ပြောပါတယ်။ ဒီကျဆင်းသွားတယ် ဆိုပြီး တော့ ကျေနပ်နေလို့တော့ မရဘူး။ ဒီထက်ပိုပြီးတော့ကျအောင်၊ ပိုပြီးထိန်းနိုင်အောင်လုပ်ဖို့လိုမယ်။ ဒါကြောင့် အဓိက ကတော့ လှုပ်ရှားသွားလာမှုတွေ ထိန်းချုပ်ခြင်း ကတော့ နံပါတ်တစ် ဆောင်ရွက်ရ လိမ့်မယ်။ ဒုတိယကတော့ ကာကွယ်ဆေး ထိုးတာတွေ၊ ရောက်တဲ့ကာကွယ်ဆေးတွေ လျှင်လျှင်မြန်မြန်ထိုးဖို့ လိုလိမ့်မယ်။ ဒါကျွန်တော်ပြောခဲ့ပါတယ်။ အဲ့တော့ အသွား အလာနဲ့ ပတ်သက်ပြီးတော့လည်း တောက်လျှောက်ထိန်းလာတဲ့အတွက် ကြောင့် Indicator မှာဖော်ပြချက်ဟာဆိုရင်တော့ တော်တော်လေးကိုကျလာတာ တွေ့ရတယ်။ ဒါကလည်းကောင်းတာပဲပေါ့။ ပြည်သူတွေရဲ့ပူးပေါင်း ဆောင်ရွက်မှု ကောင်းတဲ့ အတွက်ကြောင့် ဒီလိုဖြစ်လာတာ။ ကျွန်တော်အနေနဲ့ ဒီဩဂုတ်လအတွင်းမှာ သိသိသာသာကြီးကိုဗျာ။ ရှင်းရှင်း ပြောရရင်ခေါက်ချိုးလောက်ကို ကျသွားအောင် ကို လုပ်ချင်ပါတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေကနေ ခေါက်ချိုးလောက် ကျသွား အောင် ဩဂုတ်လ အတွင်းမှာကျအောင်ကြိုးစားရမှာ။ လုံးလုံးလျားလျားကျဖို့ ဆိုတာ တော့ တော်တော် ခဲယဉ်းပါတယ်။ ဒီရောဂါက ဘယ်လိုမှကို ကင်းစင်သွားမယ့်ရောဂါ မဟုတ်ဘူး ဆိုပြီးတော့လဲ နိုင်ငံတကာမှာ ဆေးဝါးကျွမ်းကျင်သူတွေအားလုံးက လက်ခံထားတဲ့ ကိစ္စဖြစ်ပါတယ်။ သို့သော်လူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု ရှိလို့ရှိရင်တော့ စောစောက ကျွန်တော်တို့မျှော်မှန်းတဲ့ လက်ရှိ မြန်မာ နိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေရဲ့ ထက်ဝက်ထိကို ကျဆင်းသွားမယ်လို့ ယုံကြည် ပါတယ်။”




















