မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ “ရွှေအုန်းပင်”စားသောက်ဆိုင်ခြံဝင်းအတွင်း၌ မြေအောက်ခန်းအတွင်း ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းအများအပြားသိမ်းဆည်းရမိ
နေပြည်တော်၊ ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ “ရွှေအုန်းပင်”စားသောက်ဆိုင်ခြံဝင်းအတွင်း၌ မြေအောက်ခန်းအတွင်း ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိတ္ထီလာမြို့နယ်၊ ကံကောင်းကျေးရွာအနီး မိတ္ထီလာ-မလှိုင်-မြင်းခြံ ကားလမ်းဝဲဘက်ရှိ ဦးပြည့်ဖြိုးသူ(ခ)ကိုပန်းချီ (၃၅) နှစ်နှင့် မဝင်းစုကျော်(ခ)မနီနီ (၃၄)နှစ် (ဘ)ဦးစန်းမောင်တို့ပိုင်ဆိုင်သော “ရွှေအုန်းပင်” စားသောက်ဆိုင် ခြံဝင်းအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပိုင်ရှင်ဖြစ်သူတို့အား မတွေ့ရှိရဘဲ အလုပ်သမားများဖြစ်ကြသော ကံကောင်းကျေးရွာနေ မတင်တင်မာ(၃၀)နှစ် (ဖ)ဦးအောင်မြင့်စိန်ပါ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့အား တွေ့ရှိခဲ့ရပြီး ခြံဝင်းအတွင်းဆက်လက်ရှာဖွေခဲ့ရာ သံဃာနားနေဆောင်အနီးတွင် အချင်း ၁၅ ပေ၊ အနက် ၅ ပေခန့်ရှိ မြေကျင်းတစ်ခုအနီးမှ လက်လုပ်မိုင်းအပိုင်းအစများ၊ သံတိုသံစများနှင့် ဘောစေ့များအားလည်းကောင်း၊ သံဃာနားနေဆောင်၏ အရှေ့တောင်ဘက် ပေ ၅၀ ခန့်အကွာရှိ ထန်းရွက်မိုးတဲအောက်မှ အလျား ၂၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိ အုတ်စီဆောက်လုပ်ထားသည့် မြေအောက်ခန်းတစ်ခုအား တွေ့ရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ အဆိုပါမြေအောက်ခန်းအတွင်း မိတ္ထီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်နေ စိုးရန်နိုင် (၂၇)နှစ် (ဘ) ဦးညွှန့်အောင်အား ဦးခေါင်းပွင့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် အလောင်းအား မိတ္ထီလာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။