ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး
ဘရူနိုင်းဒါရူဆလာမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ နိုင်ငံတကာရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလာမ် နိုင်ငံက ဦးစီးကျင်းပသည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ သီးသန့် အစည်းအဝေး (ADMM Retreat) နှင့် ဆက်စပ်အစည်းအဝေးများ ဖြစ်သည့် အာဆီယံ-ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး၊ အာဆီယံ-ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးများသို့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက် ကြသည်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ကာကွယ်ရေးဝန်ကြီးများ၊ ဒုတိယကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများက “ကိုဗစ်-၁၉ ကပ် ရောဂါ ဖြစ်ပွားမှုကာလအတွင်း ပေါ်ပေါက်လာနေသော ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု များနှင့် ADMM ၏ အနာဂတ်ဦးစားပေး ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များ” နှင့်စပ်လျဉ်း၍ နိုင်ငံအလိုက် အမြင်သဘောထား များအား ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ထို့အပြင် အာဆီယံ-ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး နှင့် အာဆီယံ-ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးများ တွင်လည်း အာဆီယံနိုင်ငံများနှင့် ၎င်းနိုင်ငံတို့အကြား ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း ၍ ကာကွယ်ရေးဝန်ကြီးများအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အစည်းအဝေးများအပြီးတွင် ၂၀၂၁ ခုနှစ်အတွက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ သည့် ဘရူနိုင်းဒါရူဆလာမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး (၂) The Honorable PEHIN DATU LAILARAJA MAJOR GENERAL (RETIRED) DATO PADUKA SERI HAJI AWANG HALBI BIN HAJI MD YUSSOF က ၂၀၂၂ ခုနှစ်အတွက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး GENERAL TEA BANH ထံသို့ ဥက္ကဋ္ဌ တာဝန်နှင့် အထိမ်းအမှတ်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။