မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ
နေပြည်တော်၊ မေ ၂၆
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက် သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက် ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးစံငြိမ်းပိုင်ဆိုင်သည့် ကြက်ခြံအဟောင်းအား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကြက်ခြံအဟောင်း၌ ပဲခူးမြို့၊ နန်းတော်ရာ ရပ်ကွက်နေ ဘိုဘိုမင်း (၃၅)နှစ် (ဘ) ဦးသောင်းအေး၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိဂေဟာ လမ်းနေ မလဲ့ယဉ်မြင့် (၂၆)နှစ် (သူနာပြု) (ဘ) ဦးကံမြင့်နှင့် မထက်ထက်ဝေ (၁၉)နှစ် (သူနာပြု သင်တန်း ဒုတိယနှစ်)တို့ ၃ ဦးအား လက်လုပ်မိုင်း ၁၂ လုံး၊ ဓား ၄ ချောင်း၊ ဒေါက်ဖြင့် ဆင်ထားသော လက်လုပ်မီးရှို့ဒုံး ၂ ခု၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ဆိုင်ကယ် ၅ စီး၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် အခြားဆက်စပ်ပစ္စည်း များအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါကြက်ခြံပိုင်ရှင်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။