news
တစ်ဖက်သတ်စွပ်စွဲချက်များအပေါ် အခြေခံပြီး နိုင်ငံရေးသဘောသက်ဝင်သည့် နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထား ချမှတ်သော ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချ
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ၁၆-၁၁-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခြင်းမရှိဘဲ အတည်ပြု ချမှတ်ခဲ့သည်။
လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတွင် သမာသမတ်ကျရေး၊ ဓမ္မဓိဋ္ဌာန်ကျရေးနှင့် ရွေးချယ်ပစ်မှတ်မထားရေး မူဝါဒများကို ဆန့်ကျင်၍ နိုင်ငံတစ်နိုင်ငံတည်း အပေါ် ဦးတည်ဆောင်ရွက်သည့် ဖန်တီးထားသော ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များကို မြန်မာနိုင်ငံက အစဉ်တစိုက် ကန့်ကွက်သည်။
အီးယူနှင့် အိုအိုင်စီတို့က နှစ်စဉ် ကမကထပြု တင်သွင်းသည့် ရှည်လျားလှသော ဆုံးဖြတ် ချက်အဆိုတွင် အခြေအမြစ်မရှိသော ထပ်တလဲလဲ စွပ်စွဲချက်များ ပါဝင်သည်။ ဆုံးဖြတ်ချက်အဆို တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ပေးအပ်သည့် လက်တွေ့မကျသော လုပ်ငန်းတာဝန်များလည်း ပါဝင်သည်။ ထို့အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် “IIMM” ဆိုသည့် ယန္တရားအကြား ဆွေးနွေးမှုပြုလုပ်ရန် ထပ်ဆောင်း အစီအစဉ်ကို ဖန်တီးမှုသည် မြန်မာနိုင်ငံအပေါ် တိုးမြှင့်ဖိအားပေးရန်သာ ဆောင်ရွက်ခြင်းဖြစ်သည်။ ၂၇-၈-၂၀၁၈ ရက်တွင် အတည်ပြုချမှတ်ခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၃၉/၂ ဖြင့် “IIMM” ကို စတင်ဖွဲ့စည်းတည်ထောင်စဉ်ကတည်းက မြန်မာနိုင်ငံက အသိအမှတ်မပြု ကြောင်း တရားဝင် အသိပေးကြေညာထားပြီး ဖြစ်သည်။
စင်စစ်အားဖြင့် ယခုဆုံးဖြတ်ချက်အဆိုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ပေါ်ပေါက်လာခြင်း ဖြစ် သည်။ သို့သော် ယင်းဆုံးဖြတ်ချက်အဆိုတွင် ဖြစ်စဉ်၏ မူလဇာစ်မြစ်နှင့် မြေပြင်အခြေအနေမှန်ကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားသည်။ လက်တွေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ARSA (ခေါ်) Aqua Mul Mujahidin အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများ၊ သတ်ဖြတ်မှုများနှင့် ကြိုတင်ကြံစည် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလနှောင်းပိုင်းတွင် အလုံးအရင်း နေရပ်စွန့်ခွာမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းအကြမ်းဖက်အဖွဲ့အစည်း၏ အကြမ်းဖက်လုပ်ရပ် များက အဆိုပါဒေသရှိ အသိုက်အဝန်းများအား ၎င်းတို့နေရပ်မှ စွန့်ခွာထွက်ပြေးရန် ခြိမ်းခြောက် တွန်းအားပေးခဲ့ခြင်းဖြစ်သည်။ ကော့ဇက်ဘဇားရှိ စခန်းများတွင် သတ်ဖြတ်မှုနှင့် အကြမ်းဖက် လှုပ်ရှားမှုပေါင်းများစွာ ဖြစ်ပွားလျက်ရှိသည်ကိုလည်း အသိအမှတ်ပြုရန် လိုအပ်သည်။ ထိုသို့သော အကြောင်းများကြောင့် အဆိုပါစခန်းများရှိ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ တွေ့ကြုံခံစားနေရ သည့် နေရပ်စွန့်ခွာသူများက နေရပ်သို့ပြန်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရန် တုံ့နှေးဝန်လေး နေကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တည်ဆဲဥပဒေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံအစီအစဉ် များနှင့်အညီ ရခိုင်ပြည်နယ်မှ အမှန်တကယ် နေရပ်စွန့်ခွာသူများအဖြစ် အတည်ပြုနိုင်သူများကို စိစစ်လက်ခံရန် အဆင်သင့်ရှိသည်။ အခြားနိုင်ငံများနည်းတူ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်မှ တစ်ဆင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်ကိုက်ညီသူများကို နိုင်ငံသားအဖြစ် ခွင့်ပြုလျက်ရှိ သည်။ သို့သော် ဥပဒေအရလည်းကောင်း၊ သမိုင်းမှတ်တမ်းများအရလည်းကောင်း မည်သည့်အခါက မျှမရှိခဲ့သော “ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း မြန်မာနိုင်ငံ၏ ရပ်တည် ချက်ကို ထပ်လောင်းဖော်ပြအပ်သည်။
ရခိုင်ပြည်နယ်အရေးကိစ္စကိုကြည့်လျှင် နိုင်ငံအချို့က ဓနအင်အားနှင့် မီဒီယာကို အသုံးချ၍ မြန်မာနိုင်ငံတွင် တည်ငြိမ်မှု မရှိစေရန် ပဋိပက္ခတစ်ခုလုံးကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ လက်ရှိကျင်းပ လျက်ရှိသော (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် အတည်ပြု ခဲ့သည့် ဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံက ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပြဿနာ၏ ရှုပ်ထွေးမှုများကို လျစ်လျူရှုလျက် နိုင်ငံရေးသွတ်သွင်းသည့် အဆိုသာဖြစ်ပြီး၊ မျှတမှု၊ ဓမ္မဓိဋ္ဌာန် ကျမှုနှင့် လက်တွေ့ကျမှု မရှိပါ။ အဆိုတွင် အကြမ်းဖက်မှုနှင့် ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့် ရေး တောင်းဆိုထားသော်လည်း ကလေးသူငယ် ၁၀၀ ဦး ကျော်အပါအဝင် လက်နက်မဲ့အရပ်သား ၄,၀၀၀ ကျော်တို့ကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် NUG နှင့် PDF ဆိုသူတို့၏ အကြမ်းဖက်လုပ်ရပ် များကို ရှုတ်ချရန် ပျက်ကွက်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အဆိုတွင် အမုန်းစကားမြောက်သည့် အချက်များနှင့် နိုင်ငံအတွင်း မတူညီသော အသိုက်အဝန်းများအကြား အယူဝါဒကွဲပြားမှုနှင့် တင်းမာ မှုများကို ပိုမိုမြင့်တက်စေနိုင်သည့် အချက်များ ပါဝင်သည်။ စိတ်ကူးယဉ်တီထွင်ဖန်တီးထားသော စွပ်စွဲချက်များ ပါဝင်သည့် ယင်းဆုံးဖြတ်ချက်အဆိုကို အတည်ပြုခြင်းဖြင့် မြန်မာနိုင်ငံအရေးကိစ္စ အတွက် လက်တွေ့ကျသော အဖြေရှာဖွေရာတွင် မည်သို့မျှ အထောက်အကူပြုနိုင်မည် မဟုတ်ပါ။
အဆိုပါ ဆုံးဖြတ်ချက်အဆိုကို အတည်ပြုရာတွင် ပါဝင်ပတ်သက်ခြင်းမရှိသော မိတ်ဆွေနိုင်ငံ များကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်သည်။ တစ်ချိန်တည်းတွင် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဆုံးဖြတ်ချက်အဆိုပါ ထိပါး သော ဖော်ပြချက်များကို မြန်မာနိုင်ငံက လက်မခံနိုင်ပါ။ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထား ချမှတ်သည့် ဆုံးဖြတ်ချက်အဆိုများအပေါ် ဆန့်ကျင်သည့် မြန်မာနိုင်ငံ၏ ခိုင်မြဲသော ရပ်တည်ချက်အရလည်းကောင်း၊ ယခုအဆိုတွင်ပါဝင်သည့် သိမ်းကြုံးစွပ်စွဲချက်များအရ လည်းကောင်း၊ လက်သင့်ခံနိုင်ဖွယ်မရှိသည့် တောင်းဆိုချက်များအရလည်းကောင်း မြန်မာနိုင်ငံက ယခုဆုံးဖြတ်ချက်အဆိုကို လုံးဝပယ်ချ၍ ပါဝင်ပတ်သက်မှု မရှိကြောင်း ဖော်ပြအပ်သည်။ ထို့အပြင် လက်ရှိတွင် “NUG” ဆို သည့် အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုလျက်ရှိသော ကျော်မိုးထွန်း၏ ပါဝင်တက်ရောက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်းနှင့် အခြားလုပ်ရပ်များကိုလည်း ခြွင်းချက်မရှိ ကန့်ကွက်ပယ်ချသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
သတင်းထုတ်ပြန်ချက် အမှတ် (၄/၂၀၂၂)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမိန့်အမှတ် ၇၀/ ၂၀၂၂၊ ၇၁/ ၂၀၂၂၊ ၇၂/ ၂၀၂၂၊ ၇၃/ ၂၀၂၂ နှင့် ၇၄/ ၂၀၂၂ တို့ဖြင့် အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် အလုပ်စခန်းအသီးသီးတို့တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၅၇၇၄ ဦးနှင့် အခြား အကျဉ်းသား ၅ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။ ထို့ပြင် အမှုဖွင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးကို ၎င်းတို့အပေါ် စွဲဆိုထားသည့် အမှုများကို ပိတ်သိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား/ သူ ၄ ဦးတို့ကိုလည်း ပြစ်ဒဏ်များ လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင် ဒဏ်ပေးခဲ့ပါသည်။ ဤကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လူသားချင်းစာနာ ထောက်ထားမှုဖြင့် ဆောင်ရွက်ပေးမှုသည် လျော်ကန်သင့်မြတ်သော လုပ်ဆောင်ချက်များ ဖြစ်ပါ သည်။ ယင်းကဲ့သို့ ဆောင်ရွက်ပေးမှုနှင့် ပတ်သက်သော ရည်ရွယ်ချက်ကို အမျိုးမျိုးဖော်ပြ ပြောဆို မှုများရှိသော်လည်း သက်ဆိုင်ရာ မိသားစုများအနေဖြင့် ယင်းတို့၏ မိသားစုဝင်များနှင့် ပြန်လည် ပေါင်းစည်းခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်ကြရသည်မှာ အထင်အရှားပင် ဖြစ်ပါ သည်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး အကျိုးစီးပွားများ အတွက် နောင်အနာဂတ်တွင်လည်း အလားတူ အပြုသဘောဆောင်သောခြေလှမ်း လုပ်ဆောင်မှု များ ချမှတ်လုပ်ဆောင်နိုင်မည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
ဘားအံမြို့နယ်၊ မိကရင်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ၅ ဦးအား PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက အကြောင်းမဲ့ လာရောက် ပစ်ခတ် သတ်ဖြတ်
နေပြည်တော်၊ နိုဝင်ဘာ - ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မိကရင်ကျေးရွာနေ အပြစ်မဲ့ပြည်သူများအား နိုဝင်ဘာ ၁၇ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ လာရောက် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းကြောင့် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မိကရင်ကျေးရွာနေ ဒေါ်စန်းအေး၊ (၈)နှစ်အရွယ် သမီးဖြစ်သူ မခိုင်စံပယ်ခင်၊ (၁၀)နှစ်အရွယ်သမီးဖြစ်သူ မပြည့်ပြည့်ဖြိုး၊ သားဖြစ်သူ မောင်စောအောင်မြင့်ထွန်းနှင့် နေအိမ်သို့ အလည်အပတ်ရောက်ရှိနေသူ စောအောင်ကျော်မြင့်တို့သည် နေအိမ်၌ ရှိနေစဉ် ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ဖျံတောင်ဘက်မှ မော်တော်ယာဉ် ၂ စီးဖြင့်ရောက်ရှိလာပြီး အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကာ လာရာလမ်းအတိုင်း ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုကဲ့သို့ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် မခိုင်စံပယ်ခင်၊ မောင်စောအောင်မြင့်ထွန်းနှင့် စောအောင်ကျော်မြင့်တို့မှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဒေါ်စန်းအေးနှင့် မပြည့်ပြည့်ဖြိုးတို့မှာ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့သူများအား ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါး ကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် ဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ Sanit Petersburg ရှိ Leningrad Nuclear Power Plant (NPP) ၊ Power Machines နှင့် Konstantinovsky Palace များသို့ သွားရောက်လေ့လာ
နေပြည်တော်၊ နိုဝင်ဘာ ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ရောက်ရှိနေသည့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၇ ရက်တွင် Sanit Petersburg ရှိ Leningrad Nuclear Power Plant (NPP) ၊ Power Machines နှင့် Konstantinovsky Palace များသို့ သွားရောက်လေ့လာကြသည်။
ဉီးစွာ ပြည်ထောင်စုဝင်ကြီးများဖြစ်ကြသည့် ဦးသောင်းဟန် နှင့် ဒေါက်တာမျိုးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Leningrad Nuclear Power Plant (NPP) သို့ ရောက်ရှိကြရာ အစည်းဝေးခန်းမတွင် စက်ရုံမှူး Lavrentiyev Pavel နှင့်တာဝန်ရှိသူများက စက်ရုံ၏ စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များ၊ Atomic Energy ကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာများ၊ ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ နျူကလီးယား နည်းပညာများနှင့် ပါတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် အသုံးပြုဆောင်ရွက်နေမှုများ၊ နျူကလီးယားနည်းပညာကို သုတေသနလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ခြင်းများ စသောကဏ္ဍများစွာတွင် အသုံးပြု လျက်ရှိသည့် အခြေအနေများ၊ ပြည်ပရှိ Atomic Station များအား ထိန်းချုပ် ဆောင်ရွက်ပေးနေမှုများ၊ Leningrad Nuclear Power Plant ( NPP )အနေဖြင့် Sanit Petersburg မြို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးနေသည့် အခြေအနေများ၊ နျူကလီးယားစွမ်းအင် အသုံးပြုဆောင်ရွက် နေမှုများ အပေါ် ဒေသခံပြည်သူများ ၏ ယုံကြည်စိတ်ချလက်ခံနိုင်မှုအခြေအနေများ၊ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ် အားဖြင့် လူမှုဘဝအတွက်များစွာ အထောက်အကူ ပြုနေမှုများ၊ စက်ရုံဝန်းအတွင်း ရှိ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် အဆိုပါ ဝန်ထမ်းများနှင့် မိသားစုများ အတွက် ပညာရေး၊ ကျန်းမားရေး စသည်ဖြင့် လိုအပ်သည်များစီမံ ဆောင်ရွက်ပေး ထားမှုများနှင့် သဘာဝပါတ်ဝန်းကျင်အား လုံခြုံစိတ်ချရမှုပိုင်းဆိုင်ရာများနှင့် ပါတ် သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများက အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီး ရုရှား - မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက် မည့် ကဏ္ဍများနှင့်ပါတ်သက်၍ဆွေးနွေကြပြီ သိရှိလိုသည်များ အသေးစိတ် မေးမြန်း ကြသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်ရုံအတွင်း Water Water Energetic Reactor (V.V.E.R) - 1200 ပါဝါယူနစ်၏ Block Control Panel လုပ်ငန်းဆောင်ရွက်မှုများ၊ တာဘိုင်ခန်းမ (Inspection of the turbine hall) ၊ ထိန်းသိမ်း မောင်းနှင်ရေးခန်းမ နှင့် ဓာတ်အားပေးစက် (Generator) လည်ပါတ်နေမှု များအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ ကဏ္ဍတစ်ခုခြင်းစီအလိုက် တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသ ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။
အဆိုပါ Leningrad (Newear Power Plant) NPP သည် Sanit Petersburg မြို့၏ အနောက်တောင်ဖက် ကီလိုမီတာ ၈၀ အကွာတွင်တည်ရှိပြီး 1000 MW အား ထုတ်လုပ်ပေးလျက်ရှိပြီး Sanit Petersburg မြို့၏ ဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက်ရှိသည်။ စက်ရုံစတင်လည်ပါတ်ခဲ့သည်မှာ နှစ် ပေါင်း ၄၉ နှစ်ကြာရှိပြီး အဆိုပါကာလအတွင်း ထိခိုက်မှုတစ်စုံတရာမျှမရှိပဲ ကောင်းစွာ လည်ပါတ်ခဲ့ပြီး ယခုချိန်အထိ သဘာဝ ပါတ်ဝန်းကျင်ရှိ ရေထု၊ လေထု အတွင်း မည်သည့် Radation မျှမရှိဘဲ သဘာဝအတိုင်း ပကတိတည်ရှိနေကြောင်း အမြဲ စမ်းစစ်လေ့လာမှုများအရသိရသည်။ ထို့ပြင် 1200 MW နှစ်လုံးကိုလည်း တိုးချဲ့ ဆောင်ရွက်ထားရှိကြောင်းသိရသည်။
ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Power Machines ကုမ္ပဏီ၏ Leningrad Metal Machine စက်ရုံသို့သွားရောက်လေ့လာကြရာ စက်ရုံမှ ဒုတိယစက်ရုံမှူး Ivan Grosse မှ စက်ရုံဆိုင်ရာများနှင့်ပါတ်သက်၍ ရှင်းလင်းတင်ပြပြီး သိရှိလိုသည်များအသေးစိတ် မေးမြန်းပြီး စက်ရုံအတွင်း ဓာတ်အားပေးစက်များ ထုတ်လုပ်နေမှုများကိုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြ သည်။
အဆိုပါ Power Machines ကုမ္ပဏီသည် ရေအားနှင့် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် အသုံးပြုလျက်ရှိသော Turbine များကို အဓိက ထား ထုတ်လုပ်လျက်ရှိသည်။ ကုမ္ပဏီအား ၁၉၄၂ မှ စတင်လည်ပါတ်ခဲ့ပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံကိုလည်း လိုအပ်သော ဓာတ်အားပေးစက်များ ထုတ်လုပ် ရောင်ချ ပေးလျက်ရှိသည်။ ကမ္ဘာ့အဆင့်တွင် စတုတ္ထမြောက် အကြီးမားဆုံး ထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး ရုရှားနိုင်ငံ၏ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများ၏ တပ်ဆင် အသုံးပြုလျက်ရှိသော စက်များ၏ ၇၀ ရာခိုင်နှုန်းကို Power Machines မှ ထုတ်လုပ် ပေးထားကြောင်းသိရသည်။ နည်းပညာပိုင်းအကူအညီနှင့် Design များ ဆောင်ရွက် ပေးခြင်း နှင့် ဓာတ်အားပေးစက်များတပ်ဆင်ခြင်းအတွက် အကြံဉာဏ်ပေးခြင်း၊ ဖြစ်ပေါ်လာသည့် အခက်အခဲများအား ကူညီဖြေရှင်းပေးခြင်း များကို အဓိက ထားဆောင်ရွက်ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ အတွင်း အလားအလာကောင်းများရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများတွင် ပူးပေါင်း ဆောင် ရွက် နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
အလားတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် Konstantinovsky Palace သို့ သွားရောက်၍ နန်းတော်အတွင်းရှိ ပြခန်းများအားကြည့်ရှု လေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြခဲ့ကြကြောင်း သတင်းရရှိသည်။
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့က ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူ ၂,၀၁၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၃၃ ဦး၊ ခွဲစိတ်ရောဂါ ၃၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၉၂ ဦး၊ အရိုးရောဂါ ၂၇၆ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၆၇ ဦး၊ မျက်စိရောဂါ ၄၈၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၉ ဦး၊ စုစုပေါင်း ၂,၀၁၂ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၅ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး၊ ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ အာထရာ ဆောင်းဖြင့်စမ်းသပ်စစ်ဆေးလူနာ ၅၈ ဦး၊ ECG ဖြင့်နှလုံးစမ်းသပ်လူနာ ၆၇ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၆၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင် ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား နီးစပ်ရာတပ်မတော် ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ သည်။
၎င်းအပြင် ငရုတ်ကောင်းမြို့၊ ပြည်သူ့ဆေးရုံ၌ တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့မှ သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူး ခန့်မင်းညို ဦးဆောင်ပြီး ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာနေ ဦးဝေသူအောင်၏ ဇနီးဖြစ်သူ ဒေါ်ဝင်းဖန့်သူကို ခွဲစိတ်မွေးဖွားပေးခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၁ မိနစ်ခန့်တွင် သမီးမိန်းကလေး တစ်ဦး(၇ ပေါင် နှင့် ၇ အောင်စ)ကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး သမီးငယ် သံလွင်မေဦးဟု အမည်ပေးခဲ့ကာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က ပေးအပ်သည့် ထောက်ပံ့ငွေနှင့်လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးမှ ကိုယ်စားပေးအပ်ခဲ့သည်။ အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဦးဆုံးမွေးဖွားပေးခဲ့သည့် ကလေး ငယ် ဖြစ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၏ ဆေးကုသပေးမှုသမိုင်း မှတ်တမ်းတွင် ၁၇ ဦးမြောက်အဖြစ် အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ နိုဝင်ဘာ ၁၈
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်နေ ကျော်စွာဝင်းသည် ၎င်းအသုံးပြုသည့် “Kyaw Swar Win” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်နေ ဝင်းညွန့်သည် ၎င်းအသုံးပြုသည့် “U Win Nyunt (မေတ္တာစမ်းရေ)” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများ နှင့် တွေ့ဆုံ၍ (၂၁) ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲပြုလုပ်
နေပြည်တော်၊ နိုဝင်ဘာ - ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁) ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်အစိုးရအနေဖြင့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူး ဆောင်တံဆိပ်များချီးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ပြစ်ဒဏ်ကျခံနေရသူများကို ပြစ်ဒဏ် များမှ ဖြေလျော့သက်ညှာစွာ ဆောင်ရွက်ပေးမှုကိစ္စရပ်များ၊ အာဆီယံအဖွဲ့ကြီးနှင့် ဆက်စပ်ကိစ္စရပ်များ၊ ဘဏ္ဍာရေးနှင့်ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စများ နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို Green City ၊ Clean City ၊ Smart City ဖြစ်စေရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သတ်ကျူးလွန်ခဲ့ကြသူများကို အရေးယူဆောင် ရွက်မှုအခြေအနေများ၊ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုခြင်း၊ စိစစ်ခြင်းနှင့် မဲရုံနှင့် မဲရုံသုံးပစ္စည်းများ လျာထားတွက်ချက်ဆောင်ရွက်မှုအခြေအနေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြားမှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။









