news

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူတို့အပေါ် အမိန့်ချမှတ်

ကော့ကရိတ်မြို့နယ်အတွင်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များက  အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်

ဗုဒ္ဓဝင်စာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ဩဂုတ်  - ၁၄

          ရန်ကုန်တိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းက ကျင်းပသော (၇၂) ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင်ပွဲ၊ (၃၈)ဖြာမင်္ဂလာ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနည်းပြများအား ဂုဏ်ပြုပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား  ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဉက္ကဋ္ဌ (ကိုယ်စား) ဒုတိယဉက္ကဋ္ဌ ဦးသောင်းဝင်း တို့က  အမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းဉက္ကဋ္ဌ ဦးမျိုးမြင့်ထွန်း က ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗုဒ္ဓဝင်စာမေးပွဲအောင်မြင်သူများ၊ (၃၈)ဖြာမင်္ဂလာ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းနည်းပြများ၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို)နှင့် တိုင်းဒေသကြီးမှ အသင်းဝင်များ၏ သားသမီးများအနက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင် မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်၊ သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိ

နေပြည်တော်၊ ဩဂုတ်- ၁၄

            စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး မန္တလေး- မုံရွာ ကားလမ်းပေါ်၌ ဩဂုတ် ၁၂ ရက်ညနေ ၅ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်တစ်စီးကို ဒေသန္တရလက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ ရန်ကုန်မြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ် တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက ဂွေးပင်တောကျေးရွာအနီး၌ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဖောက်ခွဲ တိုက်ခိုက် ခြင်းကြောင့် ယာဉ်၏ ဘေးဘယ်၊ ညာ မှန်များ ကွဲကြေပျက်စီးခဲ့ပြီး ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသည့် သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် အဆိုပါနေရာသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိလာပြီး မိုင်းဖောက်ခွဲ တိုက်ခိုက်ခြင်းခံရသည့် မော်တော်ယာဉ်နှင့် မော်တော်ယာဉ် လိုင်းဝန်ထမ်း ၄ ဦး၊ ခရီးသည် ၁၁ ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ သည်။

            ဖြစ်စဉ်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရေးနှင့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီး၍ ဥပဒေအရအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေ ပိတ်ဆို့စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့အတွင်းတို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျန်ရှိခဲ့သည့် အမှိုက်များနှင့် နှုံးများ ဖယ်ရှားရှင်းလင်း

နေပြည်တော်၊ ဩဂုတ်  - ၁၄

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့အတွင်းတို့၌ ဩဂုတ် ၁၂ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုန်းတော်ကြီး ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် စာသင်ကျောင်းများ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

          အဆိုပါ ရေဝင်ရောက်ခဲ့သည့်နေရာများသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ရေပြန်လည်ကျချိန်၌ တင်ကျန်ခဲ့သော အမှိုက်များနှင့် နှုံးများအား ဖယ်ရှား ရှင်းလင်းခြင်း၊ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး သောက်သုံးရေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ရေဝင်ရောက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဩဂုတ် ၁၄

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအနေဖြင့် ကြိုဆိုရေးစခန်းများ၊ နီးစပ်ရာလုံခြုံရေးစခန်းများအပြင် နီးစပ်ရာမြို့နယ်များရှိ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြုထားသည့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့အသီးသီးသို့လည်း ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်

နေပြည်တော်၊ ဩဂုတ် - ၁၄

          နယ်စပ်ဒေသအသီးသီးနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။

                ထိုသို့ သဘောထားထုတ်ပြန်ပြီးနောက်ပိုင်းတွင် နိုင်ငံတော်၏ လူသား အရင်းအမြစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်မှကင်းကွာနေ သော အခြေခံပညာရေးဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ရာတွင် ၃၁၅၆ ဦး၊ ရေးဖွင့် ထားသည့်အမှုများအား ပိတ်သိမ်းရန် ဆက်သွယ်လာသူ ၁၀၀၉ ဦး၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်သူများအနက်မှ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်ဖိတ်ခေါ်ရာတွင် ၂၃၁ ဦး ပြန်လည် ဝင်ရောက်လာပြီးဖြစ်သည်။ အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ လက်ခံပေးခြင်း၊ မိဘရပ်ထံ ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိခြင်း တို့ကြောင့် ယခုအခါတွင် ပြန်လည်ဝင်ရောက်လာသူများနှင့် ပြန်လည်ဝင်ရောက် လိုသူများ များပြားလျက်ရှိသည်ကို တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအား  ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလက်ခံဆက်သွယ်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိ သည်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက် တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

                ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ် အတွင်း သြဂုတ်လ ၁၂ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေများ မြင့်တက်မှုကြောင့်  ကျိုင်းတုံမြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် တာချီလိတ်မြို့ရှိ ပုန်းထော်၊ တာလော့၊ မကာအိုခမ်း၊ ဆန်ဆိုင်း(က)နှင့် ဆန်ဆိုင်း(ခ)၊ မယ်ခေါင်ရပ်ကွက်များ၊ ဆီလီငေါ့ကျေးရွာနှင့် လမ်းများပေါ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။