မြိတ်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် - ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တက္ကသိုလ်ရပ်ကွက်၊ မြရိပ်ညို(၁၂)လမ်းထောင့်၌ သတင်းအရ စောင့်ဆိုင်းနေစဉ် စပါးရွှေဝါလမ်းမကြီး မှ စိမ်းလဲ့သာယာလမ်းအတိုင်း မောင်းနှင်လာသည့် PCX အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ အမှတ်(၂၆)၊ သီရိ(၃)လမ်း၊ ဘုရားကိုင်ရပ်ကွက်၊ မြိတ်မြို့နေ သန့်ဇင်ဦး(ခ) နောင်ဗျော့(ဘ)ဦးဝင်းလှိုင် နေသူဖြစ်ပြီး ၎င်းဆိုင်ကယ်ရှေ့တွင် ချိတ်ဆွဲထားသည့် ပလပ်စတစ်အိတ် အတွင်းမှ WY စာတမ်းပါစိတ်ကြွဆေးပြား ၁၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၀၀ ခန့်)ကို လည်းကောင်း၊ မြိတ်မြို့၊ ကုန်းဖောက်ရပ်ကွက်၊ ငါးလေလံဈေးလမ်းမကြီးနေရာ၌ စောင့်ဆိုင်းနေစဉ် ညနေ ၃ နာရီခွဲခန့်တွင် မြိတ်မြို့၊ အဝေးပြေးကားဝင်းဘက်မှ ငါးလေလံဈေးဘက်သို့ မောင်းနှင်လာ သည့် CBR အမျိုးအစား(လိုင်စင်မဲ့)မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ပိတောက်ရွှေဝါလမ်း၊ ကုန်းဖောက်ရပ်ကွက်၊ မြိတ်တောင်ကျေးရွာနေ နေကိုလတ်(ခ)နေကို(ဘ)ဦးဝင်းအောင် ဆိုသူဖြစ်ပြီး ၎င်းဝတ်ဆင်ထားသည့် မိုးကာအင်္ကျီအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၉၈၂ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉ သိန်းခန့်)ကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။



