news

 

နေပြည်တော်၊ ဩဂုတ် ၂၇

            နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

 

နေပြည်တော်၊ ဩဂုတ် - ၂၇

          ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၉ ခုမှ အိမ်သုံးဆေးဝါး ၁၇၀ မျိုးအား ရောင်းချ ပေးလျက်ရှိပြီး ၆၇ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။

 

နေပြည်တော်၊ ဩဂုတ် - ၂၇

          နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌လည်းကောင်း၊ ကချင်ပြည်နယ် အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ လည်း ကောင်း၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်း အဝေးခန်းမ၌ လည်းကောင်း ယနေ့တွင် အသီးသီးပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များ၊ သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်း များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

နေပြည်တော်၊ ဩဂုတ်- ၂၇

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

 

နေပြည်တော်၊ ဩဂုတ်- ၂၇

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

 

နေပြည်တော်၊ ဩဂုတ်- ၂၇

          တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 

နေပြည်တော်၊ ဩဂုတ်- ၂၇             

          ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် တပ်မတော်သားများနှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည်။

 

နေပြည်တော် ဩဂုတ်- ၂၇

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၆ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေး ဂိတ်မှ အမျိုးသား ၁၆၇ ဦး၊ အမျိုးသမီး ၁၁၂ ဦး၊ စုစုပေါင်း ၂၇၉ ဦး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ နမ့်ဖာဟော်တံတားမှ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၆ ဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား ၃ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင် ပြည် နယ်၊ မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၀၄ ဦး၊ အမျိုးသမီး ၉၇ ဦး၊ စုစုပေါင်း ၂၀၁ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။

ရဲစခန်းအသီးသီးတွင် ရေးဖွင့်ထားသည့် အမှုများကို  ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုတ်သိမ်း ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာချက်အပေါ် ယုံကြည်စွာဖြင့် ဆက်သွယ်လာသူများ၏ အမှုများအတွက် ဥပဒေနှင့်အညီ ပိတ်သိမ်းပေးမှုအခြေအနေထုတ်ပြန်ခြင်း

နေပြည်တော်၊ ဩဂုတ် ၂၇       

            ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦ များအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြစ်ဖြင့်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေး မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရဲတပ်ဖွဲ့များသို့ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်နိုင်ရန် တယ်လီဖုန်းနံပါတ်များအား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှစ၍ နေ့စဉ်သတင်းထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါသည်။

            ထိုသို့ထုတ်ပြန်ကြေငြာထားရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့ များထံ ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်များသို့ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်နေကြသူ ကာယကံရှင်များကိုယ်တိုင်သော်လည်းကောင်း၊ ကာယကံရှင်၏ မိဘဆွေမျိုးသားချင်းများမှတစ်ဆင့် သော်လည်းကောင်း ယုံကြည်စွာဖြင့် ဆက်သွယ်လာကြရာတွင် အသိပေးထုတ်ပြန်ကြေငြာခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျန်းမာရေးနှင့် ပညာရေးအစရှိသည့် အလွှာစုံမှ တိမ်းရှောင်နေသူ ၅၉၁ ဦး ဆက်သွယ်လာခဲ့ပါသည်။

            အဆိုပါဆက်သွယ်လာသူ ၅၉၁ ဦးနှင့်ပတ်သက်သည့် မှုခင်းများအား တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များရှိ မှုခင်းမှတ်တမ်းများနှင့် ပြန်လည်တိုက်ဆိုင်စိစစ်ခဲ့ရာ ဩဂုတ်လ  ၃ ရက်နေ့ ထုတ်ပြန်ကြေငြာချက်ပါ အမှုပိတ်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် အကျုံးဝင်ပြီး ဖြေလျော့ပေးရန် ကိုက်ညီမှုရှိသည့်အတွက် ယုံကြည်စွာဖြင့် ဆက်သွယ်လာသူ ၂၀၀  ဦးတို့၏ အမှုများအား ပိတ်သိမ်းပေးပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသော အမှုများနှင့်ပတ်သက်၍ အမြန်ပိတ်သိမ်းနိုင်ရေး ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

            လာရောက်ဆက်သွယ်သူများကိုလည်း ရဲစခန်းတွင် လိုအပ်သော ရုံးလုပ်ငန်းစာရွက်စာတမ်း ပိုင်းဆိုင်ရာများကိုသာ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကိုသာ ဆောင်ရွက်ခြင်းဖြစ်ပြီး ဆက်သွယ်လာသူများကို ဖမ်းဆီးခြင်း၊ ထိန်းသိမ်းစစ်ဆေးခြင်းများ လုံးဝပြုလုပ်ခြင်းမရှိပါကြောင်းနှင့် စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်လျက်ရှိသည့် ကျန်ရှိသူများအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ စေတနာအပေါ် ယုံကြည်စိတ်ချစွာဖြင့် ထပ်မံဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။